
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်ရှိ မြို့ပြင်ရပ်ကွက်နေရာတွင် ပြီးခဲ့သည့် ဇန်နဝါရီ တတိယပတ်မှစတင်၍ စစ်ကောင်စီတပ်ရာထူးကြီးပိုင်း မိသားစုဝင်များအနေဖြင့် နေအိမ်နှင့်ခြံဝယ်ယူမှု များပြားလာကြောင်း မြို့ခံများထံကသိရသည်။
ငါးသိုင်းချောင်းမြို့နယ် မြို့ပြင်နေရာဖြစ်သည့် အမှတ် (၅)ရပ်ကွက် နေရာရှိ နေအိမ်နှင့် ခြံနေရာများကို မြောက်စမ်းကျေးရွာအခြေစိုက် အမြောက်တပ်မှ ရာထူးအကြီးပိုင်း မိသားစုဝင်များသည် ငွေကျပ် သိန်းထောင်ချီပေး၍ ဝယ်ယူမှုများရှိနေကြောင်း ရပ်ကွက် ဒေသခံများထံကသိရသည်။
“အမြောက်တပ်က ဗိုလ်မှူးမိသားစုတွေ အိမ်တွေခြံတွေ လာဝယ်ကြတာခဏခဏပဲ။ ခြံတွေကို ကြိုက်ဈေးခေါပြီးကိုဝယ်နေကြတယ်။ ခြံတစ်ခြံကိုကျပ် သိန်း ၈၀၀ ကနေသိန်း ၁၅၀၀ လောက်ရှိတယ်။ အိမ်နဲ့ခြံဆို ကျပ်သိန်း ၃၀၀၀ ကျော်တယ်။ လာရှောင်ကြတာ ထင်တယ်”ဟု အမှတ် (၅) ရပ်ကွက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
နေအိမ်နှင့်ခြံများဝယ်ယူနေသည့် စစ်ကောင်စီတပ်အရာရှိ မိသားစုဝင်များသည် အိမ်ခြံ မြေပွဲစားများအားငှားရမ်း၍ လက်ရှိ နေအိမ်၊ ခြံပေါက်ဈေးထက် အများဆုံးဈေးပေးကာ ဝယ်ယူနေခြင်းဖြစ်ပြီး တော်လှန်ရေး အင်အားစုများကို ကြောက်ရွံ့၍ ရှောင်တိမ်းရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံက သိရသည်။
“အိမ်တွေခြံတွေကို ကျွန်တော်တို့ပွဲစားတွေနဲ့ ချိတ်ပြီးလိုက်ဝယ်နေတာ။ PDF ရန် ကြောက်လို့ အိမ်တွေခြံတွေ လိုက်ဝယ်နေတယ်လို့ထင်တာပါပဲ။ တင်ထားတဲ့ ဈေးထက် ကို တစ်ဆနှစ်ဆလောက်ပေးပြီး ဝယ်တာ။ အိမ်ဝယ် ပြီးရင် ရပ်ကွက် တွေထဲမှာ ဇာတ်မြုပ်နေဖို့ အနေအထားပြောလို့ရမယ်” ဟု ငါးသိုင်းချောင်းမြို့ရှိ အိမ်ခြံပွဲစား တစ်ဦးကဆိုသည်။
အလားတူ စစ်ကောင်စီတပ် အရာရှိအကြီးပိုင်း မိသားစုဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ တတိယအပတ်ကစတင်၍ အသုတ်မြို့နယ်ရှိ မြို့တွင်းရပ်ကွက်နေရာများတွင် နေအိမ်ခြံများ ဝယ်ယူကာ လာရောက်နေထိုင်မှု ရှိကြောင်း မြို့ခံများထံက သိရသည်။
#ငါးသိုင်းချောင်းမြို့နယ် #မြို့ပြင်ရပ်ကွက် #စစ်ကောင်စီတပ် #မိသားစုဝင်များ #နေအိမ်ဝယ်ယူမှုများပြား #Ayeyarwaddy_Times