ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

စစ်ကောင်စီ၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် တစ်မြို့လုံးနီးပါး မီးလောင် ပျက်စီးနေသည့် ရမ်းဗြဲမြို့ကို စစ်အင်အားထပ်မံတိုးချဲ့ စေလွှတ်မှုများ ရှိနေကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့က ရမ်းဗြဲမြို့ပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့၀င် အင်အား ၁၂၀ ခန့်ကို စေလွှတ်ခဲ့သည့်အတွက် ရမ်းဗြဲမြို့တွင်ကျန်ရှိနေသည့် စစ်ကောင်စီ တပ်ဖွဲ့၀င်များထံ ပူးပေါင်းကာ ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ပူးပေါင်းစစ်ကြောင်းနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက် အထိအခိုက် အကျအဆုံးများရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များ၏ အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအပြင် လေကြောင်းမှချပေး သည့် လက်နက်ခဲယမ်းများကိုလည်း AA က သိမ်း ပိုက်ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲမဖြစ်ပွားခင် စစ်ကောင်စီက ရမ်းဗြဲမြို့ပေါ်သို့ လေကြောင်း၊ လက်နက် ကြီးများဖြင့် အဓိက ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးပြီး တစ်မြို့လုံးအား ပျက်စီးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဖြင့် ပြုလုပ်လျက်ရှိသည်ဟု မဟာမိတ်အဖွဲ့က ဆိုသည်။

“တိုက်ပွဲကမြို့ပေါ်မှာနေ့တိုင်းဖြစ်နေတာမဟုတ်ဘူး ကြိုကြား ရက်ခြားဖြစ်နေတာ အဲဒါကို လေယာဥ်နဲ့နေ့တိုင်းလိုလာကြဲနေတော့ မြို့ကရစရာမရှိတော့ဘူး။ Y12လေယာဥ်ရော တိုက်ခိုက်ရေးရဟတ်ယာဥ်တွေပါသုံးပြီး တိုက်နေတာ မြို့နဲ့တောင်မလိုက်ဘူး တရားလွန်ဖျက်ဆီးနေတာ” ဟု ရမ်းဗြဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်က ရမ်းဗြဲမြို့ရှိ စစ်ကောင်စီ၏ သိမ်တောင်စစ်စခန်းကုန်းကို AA က ထိုး စစ်ဆင်‌၀င်ရောက်တိုက်ခိုက်ရာမှစပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွား ခြင်းမရှိသည့် သိမ်တောင်ပတ်၀န်းကျင်ရှိ တောင်ဥက္ကလာရပ်ကွက်၊ လောင်းချောင်းရပ် ကွက်နှင့် အနီး၀န်းကျင်ရှိရွာများအပြင် ရမ်းဗြဲမြို့လယ်ရှိဈေး၊ ဆေးရုံနှင့် လူနေအိမ်များကို လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်မှုများကြောင့် တစ်မြို့လုံးနီးပါး မီးလောင်ပျက်စီးနေပြီး စစ်ကောင်စီက ဓာတုဓာတ်ငွေ့ အဆိပ်ဗုံးများကိုပါ ဂျက်ဖိုက်တာသုံး၍ ကြဲချခဲ့သည့် အတွက် ဒေသခံပြည်သူများ မူးဝေအော့အန်ပြီး အဆိပ်သင့်ဝေဒနာများ ခံစားခဲ့ရကြောင်း ရမ်း‌ဗြဲဒေသခံများထံက သိရသည်။

ယခုလက်ရှိတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ဖြတ်တောက်ထားပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကိုလည်း ပိတ်ထားကြောင်း သိရသည်။

ပုံစာ- လေကြောင်းမှဗုံးကြဲခံရ၍ မီးလောင်ပျက်ဆီးနေသည့် ရမ်းဗြဲမြို့
#ရမ်းဗြဲ #တစ်မြို့လုံးနီးပါးဖျက်ဆီးခံရ #စစ်ကောင်စီ # စစ်အင်အားတိုးချဲ့ #Ayeyarwaddy_Times