
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်၊ သိင်္ခရပ်ရှိ ကမ္ဘောဇ ဘဏ်ခွဲကို ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ဓားပြဝင်တိုက်ခံရပြီး ကျပ်သိန်း နှစ်ထောင် (၂၀၀၀) ကျော်ပါသွားကြောင်း သိရသည်။
ယနေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က ပါကျဲရိုးကားနှင့် လက်နက်အပြည့် အစုံတပ်ဆင်ထားသည့် လူတစ်စုသည် ဘဏ်အတွင်း၀င်ရောက်လာပြီး ဓားပြတိုက်သွားသည့်အတွက် ငွေကျပ်သိန်းနှစ်ထောင်ကျော်ပါသွားကြောင်း ဘဏ်နှင့်နီးစပ်သူထံက သိရသည်။
“Equipment အပြည့်စုံ၀တ်ထားတဲ့ လူတစ်စုက အားလုံး ခုနစ်ယောက်၀န်းကျင်ရှိမယ်။ ဘဏ်ထဲ၀င်လာပြီး မန်နေဂျာကို သေနတ်နဲ့ထောက်ထားပြီး ပိုက်ဆံတွေ ယူသွားတာ။ ပြီးတော့ သူတို့မောင်းလာတဲ့ ကားနဲ့ပဲ ပြန်ထွက်သွားတယ်။ ပါကျဲရိုးကားနဲ့လို့ သိရတယ်” ဟု ဘဏ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ KBZ ဘဏ် ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ဓားပြတိုက်သွားသည့် လူတစ်စု၏ သတင်းအချက် အလက်များကို စစ်ကောင်စီ၏လက်အာက်ခံ ရဲတပ်ဖွဲ့မှ စုံစမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ကမ္ဘောဇဘဏ် (KBZ) သည် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူအချို့၏ Kpay အကောင့်များမှ ငွေကြေးများကို တော်လှန်ရေးနှင့် ပတ်သက်သည်ဟုဆိုကာ ပြန်လည် ထုတ်ယူ၍မရအောင် ပိတ်သိမ်းခြင်းများကို လုပ်ဆောင်ခဲ့သည်များ ရှိခဲ့သည်။
ထို့အပြင် လိမ်လည်သူများက KBZ ဘဏ်နှင့် စစ်ကောင်စီ ပူးပေါင်း၍ ပြည်သူများကို လုပ်ဆောင်သည့်နည်းအတိုင်း နိုင်ငံရေးနှင့်ငြိစွန်းသည့် တရားမ၀င်ငွေလွှဲမှုများ လုပ်ဆောင်သည့်အတွက် အကောင့်ပိတ်သိမ်းမည်ဟုဆိုကာ OPT ကုတ်များကို လိမ်လည်တောင်းခံသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်ပြီး KBZ ဘဏ်အနေဖြင့် ဘဏ်အသုံးပြုသည့် နစ်နာသူများကို ယခုအချိန်ထိ တစ်စုံတရာဖြေရှင်းပေးမှုမရှိကြောင်း သိရသည်။
ပုံစာ- ညောင်ဦး ပုဂံမြို့သစ်ရှိ ဓားပြတိုက်ခံရသည့် KBZ ဘဏ်ခွဲနှင့် ဓားပြ တိုက်သူများစီးနင်းလာသည့် ပါကျဲရိုးကားပုံ
#ပုဂံ #KBZဘဏ်ခွဲ #ဓားပြတိုက်ခံရ #သိန်းနှစ်ထောင်ကျော် #Ayeyarwaddy_Times