အယိုက်လင်း၊ ဧရာဝတိီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဟုမ်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘဲ စစ်ကောင်စီတပ်က ဒုတိယအကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ခုနှစ်ဦးသေဆုံးကာ လူနေအိမ် အများပြား ထိခိုက်ပျက်စီးသွားကြောင့် ဒေသခံများထံက သိရှိရသည်။

ပလက်ဝ-မင်းတပ်နယ်စပ်ရှိ ချင်းလဲန်းကာကွယ်ရေးတပ်(ဒိုင်) ထိန်းချုပ်နယ်မြေ ဟုမ်းကျေးရွာကို ယမန်နေ့ ဇန်နာဝါရီလ ၂၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် သုံးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ပြီး လူနေအိမ်အများပြား ပျက်စီးခဲ့ကြောင်း သိရသည်။

“ဗုံးမကြဲခင် ရက်ပိုင်းကတည်းက လေယာဥ် ခဏခဏ လာနေတယ်။ ရွာသားတွေ လုံခြုံအောင်ဆိုပြီး CDF တပ်ဖွဲ့တွေက အနီးနားက တောင်ယာတွေမှာ ရှောင်ခိုင်းထားပါတယ်။ ရွာသားတွေက ထိခိုက်သေဆုံးမူမရှိဘဲ သေဆုံးတဲ့ အရပ်သားတွေဟာ ရွာဘက်ကို ဓာတ်ဆီ လာဝယ်ကြတဲ့ မင်းတပ်သားတွေ ဖြစ်တယ်။ ပြီးခဲ့တဲ့လက ပထမအကြိမ် ဗုံးကြဲဖူးတယ်။ အဲ့တုန်းက အရပ်သား ထိခိုက်သေဆုံးမူ မရှိဘူး” ဟု ဟုမ်းကျေးရွာဒေသခံ ပြည်သူတစ်ဦးက ဧရာဝတိီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ သေဆုံးသွားသည့် အရပ် ခုနှစ် ဦးသည် မင်းတပ်မြို့မှ ဓာတ်ဆီလာဝယ်ကြသည့် ဦးအောင်ထွန်းဝင်၊ မောင်ကီးလိန်း၊ ဦးကီးအွမ်၊ ဦးအောင်ချို၊ မောင်ကျော်လင်းနှင့် စိုင်းထွန်းမြင့်တို့ဖြစ်ပြီး ပလက်ဝမြို့နယ်၊ ဒိုက်ချောင်းဝရွာမှ ဦးလှုပ်ဘူး တို့ဖြစ်သည်။

ဟုမ်းကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းဖြင့် ခြောက်ကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

#ပလက်ဝ #စစ်ကောင်စီလေကြောင်းတိုက်ခိုက် #အရပ်သားသေဆုံး #လူနေအိမ်ထိခိုက်
#Ayeyarwaddy_Times