ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှု လေးနှစ်ကျော်လာပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာပြီး ယခု ဇန်နဝါရီလအတွင်း ကိုဗစ်လူနာအသစ် ၁၈၅ ဦးတွေ့ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀၂၃ ခုနှစ်တွင် ကိုဗစ်လူနာ ၆၂ ဦးရှိရာမှ ယခု ဇန်နဝါရီ ၂၀၂၄ ခုနှစ်တွင် ၁၈၅ ဦးရှိလာသဖြင့် ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၁၂၃ ဦးတိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိကိုဗစ် – ၁၉ ရောဂါဖြစ်ပွားသူများသည် ယခင်လက္ခဏာများအတိုင်း ဖြစ်ကာ တုပ်ကွေးလက္ခဏာနှင့်ပိုတူပြီး ဝမ်းပျက်ဝမ်းလျော လက္ခဏာများ ပါဝင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦး ထံက သိရသည်။

“အခုရက်ပိုင်း အများကြီးဖျားနေကြတယ်။ ကျွန်မတို့ရုံးဆို တစ်ရုံးလုံး ဖျားနေတယ်။ တစ်ယောက်က အနံ့မရလို့ဆိုတော့ ရုံးမလာခိုင်းဘဲ အိမ်မှာပဲနားခိုင်းတယ်။ အခု ကိုဗစ်ပိုး လက္ခာဏာက ဘာလဲမသိဘူး။ အဖျားတော့ကြီးတယ်။ အနံ့မရဘူးဆို ကိုဗစ် လို့ပဲ မှတ်ရမယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိသူနှင့် ပြည်တွင်းကူးစက်ခံရသူများတွင် ကိုဗစ် – ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများဖြစ်သည့် SARS-CoV2 Omicron Variant များ တွေ့ရှိရသည်ဟု စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါကိုဗစ်-၁၉ မျိုးကွဲ SARS-CoV2 Omicron Variant များအနက် HV.1၊ JN.1 နှင့် EG.5.1. တို့သည် မြန်မာနိုင်ငံတွင်သာ အသစ်ထပ်မံတွေ့ရှိရသည့် ကိုဗစ်-၁၉ ရောဂါဗီဇ ပြောင်း မျိုးကွဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသည်။

ယခုပိုင်းအတွင်း ဖျားနာသူများပြားပြီး တချို့ဖျားနာသူများသည် ကိုယ်ပူချိန်မြင့်မားကာ နှာစေးချောင်းဆိုး၍ ချောင်းဆိုးကြာရှည်သူများရှိကြောင်း၊ တချို့ဖျားနာသူများသည် အနံ့မရသည့် လက္ခာဏာများကို ခံစားရကြောင်း အထွေထွေရောဂါကု ဆရာဝန် တစ်ဦးထံက သိရသည်။

လက်ရှိကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရန်ကုန်တိုင်းသည် အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူတွေ့ရှိရကြောင်း သိရသည်။

အဆိုပါဗီဇပြောင်း မျိုးကွဲပိုးသည် ကူးစပ်ပျံ့နှံမှု မြင့်တက်လာသော်လည်း ရောဂါပြင်း ထန်မှုနှင့် ကျန်းမာရေးထိခိုက်မှု အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးပြီး ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် အပြင်သွားလျှင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ခြင်းအပါအဝင် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်း၊ အိမ်ရေးဝအောင်အိပ်ခြင်း၊ အာဟာရပြည့်ဝအောင်စားခြင်းနှင့် အပြင်ထွက်သည့် အကြိမ်အရေအတွက်နည်းစေရန် စနစ်တကျ နေနိုင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနဝန်ကြီးဌာနက အသိပေးထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါပိုးကို မတ်လ ၂၀၂၀ ပြည့်နှစ်တွင်စတင်တွေ့ရှိကာ လေးနှစ်အတွင်း ကူးစက် ခံရသူ ၆၄၁,၆၈၆ ဦး ၊ ပိုးတွေ့ပြန်လည်သက်သာလူနာ ၆၂၀,၁၅၉ နှင့် သေဆုံးသူ ၁၉,၄၉၄ ဦးရှိကြောင်း သိရသည်။

ဓာတ်ပုံ – ဧရာ၀တီတိုင်းမ်
#ကိုဗစ်၁၉ကူးစက်မှုမြင့်တက် #covid19 #ကိုဗစ်မျိုးခွဲအသစ် #Ayeyarwaddy_Times