
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထူးဒေသ(၆)ရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်ကြားရှိ ဒေသခံလူငယ်များ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)နှင့် မဟာမိတ်အဖွဲ့ကို ပြန်လည်တိုက်ခိုက်ရန်အတွက် စစ်မှုထမ်းရန် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းငြိမ်းချမ်းရေး အဖွဲ့အမည်ခံထားသည့် ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ် (PNO/PNA)သည် အထူးဒေသ(၆) အထူးသဖြင့် ဆီဆိုင်မြို့ကို ကာကွယ်ရန်ဟုဆိုကာ ယနေ့ ဇန်နဝါရီ ၃၀ ရက်တွင် ပအိုဝ်းဘာသာဖြင့် စာထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် ၎င်းတို့၏ စစ်သင်တန်း အမှတ်စဉ်(၁)မှ(၇)အထိ ဆင်းလာသူများကို ပြန်လည်စုစည်းရန်လည်း ပါဝင်ကြောင်း သိရသည်။
“ဒီစာရဲ့ အနှစ်ချုပ်က အထူးဒေသ(၆)ကို ကာကွယ်ဖို့အတွက် ရန်သူကို တိုက်ထုတ်ရမယ် ဆိုတဲ့ဟာကို ဆော်ဩထားတာ။ PNO/PNA ထဲကိုဝင်ပြီး တာဝန်ထမ်းရမယ် ဆိုတာပါ ထည့်ရေးထားတာ ပထမဆုံး ၃ ပိုဒ်က ပေါ့။ အဲဒီအတွက်ကြောင့် PNO က သင်တန်းပေးထားခဲ့တဲ့ စစ်သင်တန်း အမှတ်စဉ်(၁)ကနေ(၇)အထိ လူတွေကို ပြန်စုဖို့၊ ပြန်တိုက်ဖို့နဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် လူငယ်လူရွယ်တွေ စစ်ထဲပါဝင်ရမယ် ဆိုတာမျိုးကို ညွှန်ကြားထားတဲ့ စာဖြစ်ပါတယ်” ဟု ပအိုဝ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပအိုဝ်းဒေသဖြစ်သော ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစတင်၍ စစ်ကောင်စီတပ် ၊ စစ်ကောင်စီတပ် လက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) တို့သည် အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် PNLO/PNLA နှင့် မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများကြောင့် ပအိုဝ်းပြည်သူများနှင့် အတူနေ တိုင်းရင်းသား ညီနောင်များ လုံခြုံစေရန်နှင့် အထူးဒေသ(၆) နယ်မြေရှိ PNLO နှင့် မဟာမိတ်အဖွဲ့တို့ကို စစ်ကောင်စီနှင့် ပူးပေါင်း၍ ပြန်လည်တိုက်ခိုက်နိုင်ရန် ကျေးရွာ အုပ်စုတိုင်းကို လက်နက်တပ်ဆင်ပေးခဲ့သည်ဟု ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) က ထုတ်ပြန်ထားသည်။
PNO/PNA က လက်နက်တပ်ဆင်ပေးသူများမှာ ၎င်းတို့ စစ်သင်တန်း အမှတ်စဉ်(၁)မှ(၇)အထိ ဆင်းလာသူများဖြစ်ပြီး ယခုတိုက်ပွဲမတိုင်ခင် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင် စီ၏ ညွှန်ကြားချက်ဖြင့် ကရင်နီကိုတိုက်ရန် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခဲ့သူများဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“သူတို့ (ပအိုဝ်းပြည်သူ့စစ်အဖွဲ့ -PNO/PNA) သင်တန်းဆင်းတွေကို လက်နက်တပ်ပေး၊ ထုတ်ပေးဖို့ လုပ်နေတာ၊ ပြီးခဲ့တဲ့ နှစ်တွေက စစ်ကောင်စီရဲ့ ညွန်ကြားချက်နဲ့ ကရင်နီကို တိုက်ဖို့ စုဆောင်းထားတဲ့ လူတွေပေါ့။ အဲဒီ စစ်သင်တန်းကို မတက်ရင် ငွေပေးရတယ်။ တက်ရမှာစိုးလို့ ထိုင်းဘက် ခိုးထွက်ကုန်တာ များတယ်၊ အတင်းတက်ခိုင်းတာ” ဟု ပအိုဝ်းဒေသခံတစ်ဦးက အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
လက်ရှိတွင် ပအိုဝ်းဒေသခံများကို စစ်ကောင်စီနှင့် ပူးပေါင်း၍ PNO/PNA က အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ ထွက်ပြေးလျှင် အိုးအိမ်ပစ္စည်းများ သိမ်း ဆည်းခံရနိုင်သည်ဟု ခြိမ်းခြောက်ခြင်း၊ တော်လှန်ရေး အင်အားစုများ၏ ရန်ကိုကြောက်၍ ဒေသခံများကို ဖိအားပေးကာ ထမင်းထုတ်လာပို့ခိုင်းခြင်း၊ ရန်ပြုခြင်း၊ လူမျိုးရေးပဋိက္ခဖြစ်အောင် ပုံဖော်ဖန်တီးခြင်း စသည်တို့ ကို လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အလားတူ ဆီဆိုင်မြို့နယ်နှင့် ပတ်သက်၍လည်း PNLO နှင့် မဟာမိတ်အဖွဲ့သည် ပြည်သူလူထုနှင့် ရဟန်းသံဃာတော်များကို မောင်းထုတ်ခဲ့သည်ဟု ပအိုဝ်းပြည်သူ့ စစ်အဖွဲ့ (PNO/PNA)က စွပ်စွဲပြောဆိုထားပြီး ၎င်းတို့အနေဖြင့် ဒေသခံပြည်သူများ အမြန်ဆုံးနေရပ်ပြန်နိုင်ရန်အတွက် စစ်ကောင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း ဆိုထားသည်။
ဓာတ်ပုံ – PNA
#ပအိုဝ်းတပ်မတော်PNLA #မဟာမိတ်အဖွဲ့ #ပြန်တိုက်ရန် #ပအိုဝ်းဒေသခံများ #စစ်မှုထမ်းဆောင် #ပအိုဝ်းပြည်သူ့စစ်ထုတ်ပြန် #Ayeyarwaddy_Times