
ဧရာဝတီတိုင်းမ်
(ရေစကြို)၊ ဇန်နဝါရီ ၃၀ ရက်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသရှိ ပြည်သူ့စစ်ရွာ(မင်းရွာ)သို့ရိက္ခာ ပို့လာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့်ဇန်နဝါရီ ၂၈ ရက်က တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ရေလည်ကျွန်းဒေသတွင် လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ထွက်ပြေးသွားသည့်အတွက် လိုက်လံပစ်ခတ်ရာ ဒုတိယ အကြိမ်ထပ်မံ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ကြာချိန် ၇ နာရီအတွင်း စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မြင်းခြံ၊ ဆိပ်ညံ ဘက်က စိုးစံ-၃ ပြည်သူ့ သင်္ဘော ကို ချောဆွဲပြီး လာတာပါ။ ကျွန်တော် တို့ သတင်းကြိုရလို့ သွားစောင့် တိုက်တာပါ။ သုံးယောက် သေပါတယ်။ ထိခိုက်မှု များမယ်။ ထမ်းစင်တွေ နဲ့သယ်သွားတာမျက်မြင်ပါ။ ထွက်ပြေးကြတာကို နောက်က လိုက်ပစ်တာပါ” ဟု ညောင်ဦးမြို့နယ်(ပကဖ) တာဝန်ခံကိုစစ်ပိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါစစ်ကြောင်းမှာ မြင်းခြံဘက်မှ စိုးစံ-၃ အမည်ရှိ ပြည်သူပိုင်သင်္ဘောတစ်စီးကို ချောဆွဲကာ စီးနင်းလာပြီးနောက် ပြည့်သူ့စစ်ရွာကို ရိက္ခာပို့လာစဉ် လမ်းတွင် ကြားဖြတ် တိုက်ခံရခြင်းဖြစ်ပြီး ယခုအခါ ပြည်သူ့စစ်ရွာသို့ရိက္ခာပို့ပြီးနောက် ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ်၊ မြင်းခြံခရိုင်တပ်ရင်း(၃)၊ ညောင်ဦး ခရိုင်တပ်ရင်း(၅)၊ တပ်ခွဲ(၂)ရဲဘော်ညီနောင်၊ ပခုက္ကူခရိုင် တပ်ရင်း(၁၀)၊ ရေစကြို(ပလဖ)၊ CDSOM နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ညောင်ဦးမြို့နယ်(ပကဖ) နှင့် ပူးပေါင်း တပ်ဖွဲ့များသည် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိစစ်ကောင်စီ စစ်ဆေးရေး ဂိတ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဂိတ်ကင်းတဲများအထိ ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး တပ်သား ငါး ဦး သေဆုံးခဲ့ကြောင်း သိရသည်။
#ရေစကြို #ပျူစောထီးရွာ #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #PDF #Ayeyarwaddy_Times