
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် ဒေသခံများ၏ ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများပြုလုပ်နေပြီး တစ်ပတ်အတွင်း ပြန်လည်ရွေးယူနိုင်ခြင်းမရှိသည့် ဆိုင်ကယ်များကို ပွဲစားခေါ်ပြ၍ ရောင်းစားနေကြောင်း ဒေသခံများထံကသိရသည်။
ဒေသခံများ၏ ဆိုင်ကယ်များကို ဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များမှာ စခန်းမှူး ဒုရဲမှူး ညီညီ နှင့်အတူ နယ်ထိန်းတပ်ဖွဲ့ဝင်များဖြစ်ပြီး နေ့စဥ် နံနက် ၇ နာရီမှညအချိန်ထိ မြို့အဝင်အထွက်တွင်သာမကဘဲ မြို့အတွင်း ဆိုင်ကယ်မောင်းနှင်သူများကိုပါ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ဆိုင်ကယ်ဖမ်းတဲ့အချိန်မှာလည်း မူးရူးသောက်စားထားကြတယ်။ ဆဲဆိုပြီးဖမ်းကြတယ်၊ ဘီးလေမရှိတာတွေ၊ ဟွန်းမမြည်တာတွေ၊ စင်ဂနယ်မီးမရတာတွေ၊ နောက်ဘရိတ်မီး မလင်းတာတွေ၊ သုံးယောက်စီးတာတွေ၊ ဘက်မှန်မပါတာတွေ ဦးထုပ်မပါတာတွေ မျိုးစုံအကြောင်းပြ ဖမ်းတယ်။ အကုန်ပြည့်စုံရင်နေလည်း တစ်ခုခုအပြစ်ရှာပြီး ဖမ်းတယ်။ တစ်ပတ်ကျော်လို့ ပြန်ရွေးမယူရင် ရောင်းစားကြတာ။ တော်တော်ဆိုးပါတယ်ဗျာ” ဟု ညောင်တုန်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ညောင်တုန်းမြို့တွင် နေ့စဥ် ဆိုင်ကယ်အစီးရေ ၁၀၀ အထက် အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခံရပြီး ဆိုင်ကယ် တစ်စီးလျှင် သုံးသောင်းကျပ်ပေး၍ စစ်ကောင်စီလက်အောက်ခံ ရဲမေခိုင်သဇင်မြင့်ထံတွင် ရွေးယူရကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် တစ်ပတ်အတွင်း ပြန်လည်မရွေးယူနိုင်သည့် ဆိုင်ကယ်အချို့ကို နယ်ထိန်း ဒုတပ်ကြပ် ကျော်ဇင်ဦးမှ ဆိုင်ကယ်ရောင်းဝယ်ပွဲစားများကို ရဲစခန်းအတွင်းခေါ်ယူ၍ ဆိုင်ကယ်များကို ပြသကာ ရောင်းစားနေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ဖမ်းဆီးမှုများကို ပိုမို၍ တွင်တွင်ကျယ်ကျယ်ပြုလုပ်လာပြီး အပိုဝင်ငွေရှာလာကြောင်းသိရသည်။
ဓာတ်ပုံ-ပုသိမ်မြို့နယ် စစ်ကောင်စီ (ပုံဟောင်း)
#ညောင်တုန်း #ရဲတပ်ဖွဲ့ဝင် #အကြောင်းအမျိုးမျိုးပြ #ဆိုင်ကယ်ဖမ်းဆီး #ပြန်မရွေးနိုင် #ဆိုင်ကယ်ပွဲစား #ရောင်းစား #Ayeyarwaddy_Times