ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်ရှိ မြို့နယ်လူဝန်မှုကြီးကြပ်ရေးရုံး၌ မှတ်ပုံတင်စမတ်ကဒ်ပြုလုပ်ရန်အတွက် စာရေးဝန်ထမ်းများက တစ်ဦးလျှင် ငွေကျပ်ငါးသောင်းတောင်းခံကြောင်းဒေသခံများထံကသိရသည်။

ဇလွန်မြို့တွင်းရှိ မြို့နယ်လူဝန်မှုကြီးကြပ်ရေးရုံး၌ ပြီးခဲ့သည့်ဇန်နဝါရီလတတိယအပတ်ကစ၍ မြို့နယ်လဝကစာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ ဒေသခံများအား မှတ်ပုံတင်စမတ်ကဒ်ပြုလုပ်ရန်အတွက် ဖိအားပေးစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

“ စမတ်ကဒ်မှတ်ပုံတင် မလုပ်မနေရဆိုပြီးတော့ ၂၀ ရက်နေ့ကနေ၂၃ရက်အထိ။ လဝကစာရေးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေတစ်အိမ်တက်ဆင်း စာရင်းလိုက်တောင်းတယ်။ ပြီးတော့ရုံးကို မဖြစ်မနေလာခိုင်းပြီးတော့အရင်မှတ်ပုံတင်တွေအပ်ခိုင်းတယ်။စမတ်ကဒ်ဆိုတာကလည်းဘာမှမထူးမခြားနားပဲ။တကယ်တမ်းတော်လှန်ရေးအင်အားစုစာရင်းတွေသိချင်လို့တမင်လုပ်နေတာ”ဟုဇလွန်မြို့နယ်အမှတ်(၂)ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင်မှတ်ပုံတင်စမတ်ကဒ်ထုတ်ယူရန်အတွက် မြို့နယ်လဝကဦးစီးမှူးကို ပေးရမည်ဟုဆိုကာ လဝကစာရေးဝန်ထမ်းများက တစ်ဦးလျှင် ငွေငါးသောင်းကျပ် တောင်းယူနေကြောင်းမြို့ခံများထံကသိရသည်။

“ မှတ်ပုံတင်စမတ်ကဒ်က အမှန်တကယ်တစ်ယောက်ကို နှစ်သောင်းပဲပေးရတယ်။ အဲဒါကို‌စာရေးတွေက မြို့နယ်ဦးစီးမှူးပေးဖို့ဆိုပြီးတော့ ငါးသောင်းအထိတောင်းတာ။ မပေးရင်လည်းသတင်းပေးပြီးအတိုင်ခံရမှာကြောက်တာနဲ့ပေးလိုက်ရတယ်”ဟု အမှတ် (၄)ရပ်ကွက်ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။

အလားတူဇလွန်မြို့နယ်နှင့်ထိစပ်သည့်ဓနုဖြူမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ရက်နေ့မှ၂၄ရက်နေ့အထိ မှတ်ပုံတင်စမတ်ကဒ်ပြုလုပ်ရန် လဝကနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

#ဇလွန်မြို့နယ် #မှတ်ပုံတင်စမတ်ကဒ် #လဝက #Ayeyarwaddy_Times