ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ စစ်ကောင်စီ၏ ခမရ-၃၈၀ကို ယမန်နေ့ ဇန်နဝါရီ ၂၈ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မင်းပြားမြို့ကို စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းအသုံးပြု၍ ပိတ်ဆို့တိုက်ခိုက်လျက်ရှိပြီး စစ်ရေယာဉ်များဖြင့် စစ်ကူအင်အားပေးပို့တိုးချဲ့နေသော်လည်း ယမန်နေ့တွင် ၎င်းတို့၏ ခမရ ၃၈၀ကိုလက်လွှတ် လိုက်ရခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော် (AA) သည် မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ရက်နေ့ကတည်းက အပြင်းအထန်ထိုးစစ်ဆင်၍စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းကသာမက ဒရုန်းများပါအသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ရက္ခိုင့်တပ်တော် (AA)က မင်းပြားမြို့ရှိ စစ်ကောင်စီ၏ ခမရ-၃၇၉၊ ခမရ-၃၈၀၊ ခမရ- ၅၄၁နှင့် ကျိန်းတောင်ပေါ်ရှိ စစ်စခန်းတို့ကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယမန်နေ့က ခမရ- ၃၈၀ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ကျန်ရှိသည့်စစ်စခန်းများမှာလည်း မြေပြင်ထောက်ပို့လမ်းကြောင်း ပိတ်ဆို့ ဖြတ်တောက်ခံထားရသည့်အတွက် ရေကြောင်းအသုံးပြု၍ အင်အားဖြည့်သော်လည်း AA ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံနေရ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားပြီး စစ်လက်နက်ပစ္စည်းများပါ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ရေကြောင်းမှထောက်ပို့ အင်အားဖြည့်လာသော စစ်ကောင်စီ၏ တပ်မ(၂၂)လက်အောက်ခံ ခမရ -၂၀၅ကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး Y-12 လေယာဉ်ဖြင့် ထောက်ပို့လာသည့် စစ်လက်နက်ပစ္စည်းများနှင့် ဒရုံးအသစ်စက်စက်များကို ကြားဖြတ်ရယူနိုင်ခဲ့သည့် ရုပ်သံ မှတ်တမ်းကို AA ကထုတ်ပြန်ခဲ့သည်။

ယခုလက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)က မင်းပြားတွင် ကျန်ရှိနေသည့် စစ်ကောင်စီ၏ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေပြီး သိမ်းပိုက်ရယူနိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။

#မင်းပြားမြို့ #စစ်ကောင်စီတပ် #ခမရ၃၈၀ #AA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times