
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်ရှိ လူနေအိမ်များကိုပါ မီးရှို့ဖျက်ဆီး၍ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများ ထံက သိရသည်။
စစ်ကောင်စီသည် ကော့ကရိတ်မြို့ကို ဇန်နဝါရီ ၂၆ ရက်နေ့မှ စတင်ကာ လေကြောင်းမှနေ၍ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ၃ ရက်ဆက်တိုက် လုပ်ဆောင်ပြီးနောက် လူနေရပ်ကွက်များကိုပါ ဝင်ရောက်မီးရှို့ဖျက်ဆီး၍ အမှတ် (၁)ရပ်ကွက်နှင့် အမှတ် (၂)ရပ်ကွက်မှ ဒေသခံပြည်သူ ၃၀၀ ကျော်ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
“အိမ်တွေကတော့ကုန်ပြီ။ မီးလောင်တဲ့အထဲပါသွားတာ။ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက်ပဲ။ မြေပြင်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ နီးစပ်ရာနေရာတွေက စောင့်ကြည့်နေရတာ။ အိမ်တွေကိုပါ မီးရှို့ဖျက်ဆီး သွားကြတာ။ ခုတော့ မြို့အခြေကို ပြန်မကပ်နိုင်ဘဲ ဘေးလွတ်ရာကိုပဲပြေးနေရတယ်” ဟု စစ်ဘေးရှောင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် လေယာဥ်ဖြင့် ဗုံးသီးအလုံးရေ ၁၀၀ ထက်မနည်း ကြဲချကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် တောင်ပေါ် အလက (၂) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၇ ရက်နေ့တွင် လူနေအိမ် ရပ်ကွက်များကိုပါ ဝင်ရောက်မီးရှို့ဖျက်ဆီး၍ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ ကောကရိတ်မြို့တွင်းဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထွက်ပြေးသွားကြောင်း မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးထံက သိရသည်။
ပုံစာ-စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားသည့် ကော့ကရိတ်ရှိ လူနေအိမ်များ
#ကော့ကရိတ်မြို့ #စစ်ကောင်စီ #လေကြောင်းမှ #ဗုံးကြဲ #မြေပြင်ရှိလူနေအိမ်များ #မီးရှို့ဖျက်ဆီး
#Ayeyarwaddy_Times