ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ရက်

ရခိုင်ပြည်နယ် မြို့​တော်စစ်​တွေတွင် စစ်​ကောင်စီက မဆုတ်တမ်းခံစစ်စနစ်ဖြင့် အပြင်းအထန်အင်အားတိုးချဲ့ပြီး​နောက် စစ်​တွေရှိ စစ်​ကောင်စီ၏ အရပ်ဘက်ဆိုင်ရာ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အရာရှိများ ရန်ကုန်သို့​လေ​ယာဥ်ဖြင့် အလုအယက်​ပြောင်း​ရွှေ့ထွက်​ပြေးသွားကြ​ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်​နေ့က ​ကျောက်​တော်မြို့ရှိ စစ်​ကောင်စီ၏ စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ်ကို ရက္ခိုင့်တပ်​တော်(AA) က ဝင်​ရောက်တိုက်ခိုက်ပြီး​နောက် အဆိုပါ​နေ့မှစ၍ ယမန်​နေ့ ဇန်နဝါရီ ၂၈ ရက်နေ့အထိ ​ကျောက်​တော် စကခ ၉မှ တပ်မိသားစုဝင်များနှင့် နယ်ခံတပ်မိသားစုဝင်များကို မြို့​တော်စစ်​တွေသို့ ​ပြောင်း​ရွှေ့​ပေးခဲ့​ကြောင်းသိရသည်။

ထို့အပြင် စစ်​တွေရှိ အရပ်ဘက်ဆိုင်ရာဝန်ကြီးများနှင့် ဌာနဆိုင်ရာ အရာရှိများသည်လည်း ယမန်​နေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှ စတင်၍ ရခိုင်မှ ထွက်ခွာလျက်ရှိကြောင်းသိရသည်။

ထိုသို့ ​ကျောက်​တော်မှ စစ်​တွေ၊ စစ်​တွေမှ ရန်ကုန်သို့ ကူး​ပြောင်းထွက်​ပြေးကြ၍ စစ်​တွေမှ ရန်ကုန်သို့ လေယာဥ် လက်မှတ်တန်ဖိုးသည် ကျပ် နှစ်သိန်းမှ ကျပ် ၁၀ သိန်းဝန်းကျင်အထိ ရှိလာပြီး လိမ်လည်၍ လက်မှတ်​ရောင်းချသည့် ပွဲစားများပါရှိလာ​ကြောင်း စစ်​တွေ​လေဆိပ်နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

​”ကျောက်​တော်က အရာရှိမိသားစု​တွေကစစ်​တွေကို​ပြေးတယ်။ စစ်​တွေက အရပ်ဘက်ဝန်ကြီး​တွေက ရန်ကုန်ကို​ပြေးတာ​ပေါ့။ တပ်​တော်က ဗိုလ်ချုပ်​ပြောတဲ့ forrest run (ဖောရက်စ် ပြေး ပြေး) ဆိုတာ အခုမှအကိုက်ပဲ။ ​ကျောက်​တော်မှာ စကခထဲ စုပြီးခံချ​နေရတာ G1 တစ်​ယောက်​ခေါင်းထိထားပြီး ၃၇၅ ရင်းမှူးက ​ကျောကိုထိထားတယ်​ပြောတယ်” ဟု ရခိုင်စစ်​ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို​ပြောသည်။

လက်ရှိတွင် စစ်​ကောင်စီ၏ ​ကျောက်​တော် စကခ-၉ သို့ ​ကျောက်​တော်တစ်မြို့လုံးရှိ တပ်ရင်းများလာ​ရောက်စု​ပေါင်း၍ ခံစစ်အ​နေအထားဖြင့် ခံတိုက်​နေရပြီး တပ်မိသားစုဝင်များကို​ ဘေးလွတ်ရာသို့ပို့​ဆောင်နေရ​ကြောင်း သိရသည်။

စစ်​တွေမြို့ထဲတွင်လည်း ​ရှမ်း​မြောက် လောက်ကိုင် ဒကစ မကျခင်က ပြုလုပ်ခဲ့သည့်နည်းအတိုင်း တင့်ကားများ စက်​သေနတ်တပ် အ​နောက်ဖွင့်ကားများဖြင့် အင်အားအပြည့် မြို့တွင်းလှည့်လည် ခြိမ်း​ခြောက် အင်အားပြ​နေ​သော်လည်း အရပ်ဘက် ဝန်ကြီးများမှ စတင်၍ မြို့ကိုစွန့်ခွာထွက်​ပြေး​နေ​ကြောင်းသိရသည်။

“ကျွန်​တော်တို့ တပ်​တော်ရဲ့ဗိုလ်ချုပ်ကို သူတို့ကနာမ်နှိမ်​ခေါ်တာ​ပေါ့ဗျာ။ တိုက်​ပြေးတို့ ဘာတို့ အခုက သူတို့ကမတိုက်ဘဲ​ပြေး​နေတာ။ ရဲတိုက်လို့လည်း နှိမ်​ခေါ်​သေးတယ်။ ရဲ​တွေဆိုတာကလည်း သူတို့စစ်​ကောင်စီပဲအသွင်​ပြောင်း​နေရာဝင်ယူ​နေကြတာ။ ဘယ်လိုပဲဖြစ်ဖြစ် တပ်​တော်က​တော့ ​နေရာအနှံ့ထိန်းချုပ်ထားတယ်” ဟု စစ်​တွေ​ဒေသခံတစ်ဦးက​ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခုလက်ရှိတွင် ရက္ခိုင့်တပ်​တော်(AA)က ရခိုင်ရှိ ​ကျောက်​တော်၊ မင်းပြား၊ ရမ်းဗြဲ၊ ​မြောက်ဦး၊ ရ​သေ့​တောင်တို့တွင် စစ်​ကောင်စီ၏ တပ်စခန်းများကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်​နေပြီး ​မြေပြင်စစ်ကူမရရှိ​တော့သည့် စစ်​ကောင်စီက ​ရေ​ကြောင်းမှအင်အားဖြည့်တင်းခြင်းနှင့် ​လေ​ကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိ​ကြောင်းသိရသည်။

#ကျောက်တော် #စစ်တွေ #စစ်ကောင်စီ #အရပ်ဘက်ဝန်ကြီးများ #တပ်မိသားစုဝင်များ #ထွက်ပြေး #Ayeyarwaddy_Times