
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်
မြောင်းမြမြို့နယ်တွင် အချိန်ခါမဟုတ် မိုးသီးထန်စွာရွာသွန်းမှုကြောင့် ငရုတ်စိုက်ခင်းများ ပျက်စီးပြီး တောင်သူများ အခက်ခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။
ဧရာဝတီတိုင်း ၊မြောင်းမြမြို့နယ်တွင် ဇန်နဝါရီ ၂၅ ရက်နေ့ ညပိုင်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငရုတ်ဧက ရာနှင့်ချီ ပျက်စီးမည့်အရေးနှင့် ကြုံတွေ့နေရသဖြင့် တောင်သူများအတွက် အခက်ခဲဖြစ်နေကြကြောင်း သိရသည်။
“ပြီးခဲ့တဲ့ရက်ကမှ ဓာတ်ဆားပက်ထားပြီရေတင်ထားတာ ။ အခုတော့ သွားပြီ အပင်တွေက သေဖို့များတယ် တစ်ရာသီစာတော့ ဆုံးပြန်ပြီဗျာ” ဟု မြောင်းမြမြို့နယ်မှ ဒေသတောင်သူအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အချိန်ခါမဟုတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငရုတ်စိုက်တောင်သူများအပြင် ပဲစိုက်တောင်သူများပါ အခက်ခဲတွေ့နေပြီ တောင်သူအများစုမှာ စိုက်ပျိုးရေချေးငွေများထုတ်ယူထား၍ သီးနှံပျက်စီးဆုံးရှုံးလျှင် ထုတ်ချေးထားသော ငွေများအား ပြန်လည်းပေးဆပ်ရန် အခက်ခဲရှိကြောင်း ဒေသခံများက ပြောသည်။
“စိုက်ပျိုးစရိတ်တွေအတွက် လိုအပ်တဲ့ငွေကို အပြင်ကချေးငွေအဖွဲ့တွေကနေ တစ်ရာသီစာစိုက်ပျိုးစရိတ်ကို ချေးယူထားပြီး ရာသီပေါ်ရင်ပြန်ဆပ်ကြတာ။အခုက မိုးဖျက်တော့ ပဲသမားက ဒီလောက်မထိပေမယ့် ကျွန်တော်တို့ ငရုတ်သမားတွေကတော့ ရှုံးဖို့များနေပြီ။ ရေဝပ်တာနဲ့ ငရုတ်ကသေတာ မသေပဲကျန်တဲ့အပင်ကို နလန်ထူအောင်လုပ်နိုင်ဖို့က မလွယ်တော့ဘူး “ဟု မြောင်းမြမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စိုက်ပျိုးထားသောငရုတ်ပင်များမှာ မိုးများလျှင် အပင်သေသည့်အထိဖြစ်နိုင်ပြီး ရောဂါလည်းအကျလွယ်ကာ စိုက်ပျိုးရေးသွင်းအားစုများ စျေးတတ်နေချိန်တွင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် တောင်သူများအတွက် အခက်ခဲများကြုံနေရခြင်း ဖြစ်သည်။
#အချိန်ခါမဟုတ်မိုးရွာ #မြောင်းမြမြို့နယ် #ငရုတ်စိုက်ခင်းများပျက်စီး #Ayeyarwaddy_Times