
မြရာ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်တပ်နယ်မြေ ကန်တော်ကြီး ပတ်လမ်းတွင် ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်း က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလံစိုက်ကာ လွှင့်ထူခံရပြီးနောက် စစ်ကောင်စီက နယ်မြေခံတပ်နယ်မှူးကို ခေါ်ယူ၍ ဆူပူကြိမ်းမောင်း လျက်ရှိကြောင်း သိရသည်။
လုံခြုံရေးအင်အားတိုး၍ ခံစစ်ပြင်ဆင်ထားသည့် ပြင်ဦးလွင်မြို့နယ်အတွင်းတွင် ယမန်နေ့ နံနက်ပိုင်းက PDF အလံ လွှင့်ထူခံရသဖြင့် တပ်နယ်မှူးနှင့် နယ်မြေခံစစ်အရာရှိများ စိုးရိမ်တုန်လှုပ်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်တွင် နယ်မြေတင်းကျပ်ထားသည့်ကြားက ယခုကဲ့သို့ PDF အလံ လာရောက် လွှင့်ထူခံရခြင်းနှင့်ပတ်သက်၍ ဆိုင်ရာတပ်နယ်မှူးကို စစ်ကောင်စီက ခေါ်ယူကြိမ်းမောင်း ခဲ့သည့်အပြင် အခြားပြစ်ဒဏ်များလည်း ပေးနိုင်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“မနေ့က အလံလာထောင်သွားတဲ့ကိစ္စနဲ့ တပ်နယ်မှူးကို အထက်က ခေါ်ထောင်းတယ်။ ပြစ်ဒဏ်ပေးဖို့ရှိတယ်လို့လည်း ကြားထားတယ်။ မနေ့က DSA ရော DSTA တွေရော လှုပ်လှုပ်ရှားရှားတွေဖြစ်ကုန်တာ။ သင်တန်း သားတွေကို လက်နက်တွေဆင်ပေးပြီး အသင့်နေခိုင်း ထားတဲ့အထိ ဖြစ်ကုန်တယ်”ဟု ပြင်ဦးလွင်စစ်တက္က သိုလ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက PDF များ၊ တိုင်းရင်းသားလက် နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့(EROs)များ ဝင်ရောက်လာမည် ဆိုသည့် သတင်းများကြောင့် ၁၆ မိုင်ဂိတ်ကို ပိတ်ဆို့တားဆီးပြီး စစ်ဆေးမှုများကို လုပ်ဆောင်လျက်ရှိသည်။
လက်ရှိတွင် ပြင်ဦးလွင်မြို့နှင့် အနီးဝန်းကျင်များကိုပါ စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားပြီး ယခင်ထက် အစစ်အဆေးတင်းကျပ်နေကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-ပြင်ဦးလွင်တပ်နယ်မြေ ကန်တော်ကြီးပတ်လမ်းတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အလံစိုက်ကာ လွှင့်ထူထားစဉ်
#ပြင်ဦးလွင် #PDFအလံလွှင့်ထူ #နယ်မြေခံတပ်နယ်မှူး #စစ်ကောင်စီ #ဆူပူကြိမ်းမောင်း #Ayeyarwaddy_Times