
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
ရုရှားစစ်ပွဲအတွက် မော်တာကျည် ၁၀၀၀၀၀ ဝယ်ယူဖို့ ကြိုတင်လျာထားတဲ့ ဒေါ်လာ သန်း (၄၀) နီးပါးကို အလွဲသုံးစားလုပ်ဖို့ ယူကရိန်းစစ်လက်နက်ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတွေက ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတွေနဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့တယ်လို့ ယူကရိန်း လုံခြုံရေးဌာန (SBU) က သတင်းထုတ်ပြန်ပါတယ်။
လူ (၅) ဦးကို စွဲချက်တင်ခဲ့ပြီး လူတစ်ဦးကို ယူကရိန်းနယ်စပ် ဖြတ်ကျော်ဖို့ကြိုးပမ်းနေစဉ် ထိန်းသိမ်းခဲ့ တယ်လို့ SBU က ပြောပါတယ်။ အပြစ်ရှိကြောင်း တွေ့ရှိပါက အဆိုပါပုဂ္ဂိုလ် (၆) ဦးမှာ ထောင်ဒဏ် (၁၂) နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။
ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့သို့ အဖွဲ့ဝင်ဖြစ်ရေးလျှောက်ထားဖို့ ယူကရိန်းနိုင်ငံက အဂတိလိုက်စားမှုတွေ တိုက်ဖျက်ဖို့ ကြိုးပမ်းနေစဉ် အခုလိုမျိုး လက်နက်ဝယ်ယူမယ့်ငွေတွေကို အလွဲသုံးစားမှုဖြစ်ခဲ့တာပါ။
ယူကရိန်းက ဥရောပသမဂ္ဂနဲ့ နေတိုးသို့ မပူးပေါင်းမီ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပြုပြုပြောင်းလဲမှု တွေ ကျယ်ပြန့်စွာ လုပ်ဆောင်ဖို့ အဆိုပါအဖွဲ့နှစ်ခုမှ တာဝန်ရှိသူတွေက တောင်းဆိုခဲ့ပါတယ်။
လက်ရှိ စုံစမ်းစစ်ဆေးမှုဟာ စစ်လက်နက်ကုမ္ပဏီ Lviv Arsenal နဲ့ ဒေါ်လာ ၃၉ ဒသမ ၆ သန်း တန်ကြေး ရှိ လက်နက်ကြီးကျည်တွေ ဝယ်ယူဖို့ တာဝန်ရှိသူတွေက သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ ဖြစ်ပွားခဲ့တာလို့ ယူကရိန်း လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ငွေပေးချေမှု လက်ခံရရှိပြီးနောက် ကုမ္ပဏီဝန်ထမ်းတွေဟာ ပြည်ပမှာ မှတ်ပုံတင်ထားတဲ့ စီးပွားရေးလုပ် ငန်းတစ်ခုထံ ငွေတွေကို လွှဲပြောင်းပေးခဲ့ပြီး နောက်ပိုင်းမှသာ ယူကရိန်းသို့ လက်နက်ကြီးကျည်တွေ ပေးပို့မှာဖြစ် ပါတယ်။
ဒါပေမယ့် ယူကရိန်းသို့ မည်သည့်အခါမှ အမြောက်ကျည်တွေ ပေးပို့ခဲ့တာမရှိဘဲ ယူကရိန်းနဲ့ ဘော်လ်ကန် ဒေသရှိ ငွေစာရင်းအသီးသီးထံ ငွေကြေးတွေ လွှဲပြောင်းပေးခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
အလွဲသုံးစားလုပ်ထားတဲ့ အဆိုပါငွေတွေကို သိမ်းဆည်းခဲ့ကာ ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးဘတ်ဂျက် သို့ ပြန်လွှဲပြောင်းပေးမယ်လို့ ယူကရိန်း အစိုးရရှေ့နေချုပ်က ပြောပါတယ်။
ကိုးကား – AP
Ref; Ukraine says corrupt officials stole $40 million meant to buy arms for the war with Russia