ဧရာဝတီတိုင်းမ်
(ပေါက်တော)၊ ဇန်နဝါရီ ၂၉ ရက်

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်‌တော်(AA) မှ သိမ်းပိုက်ထားသည့် ပေါက်တောမြို့နယ်၊ ကျောက်တော်မြစ်ကြောင်းတစ်လျှောက် မောင်းနှင်နေသည့် စစ်ကောင်စီကမ်းထိုး ရေယာဥ် (၁၇၁၄) မှ ရေတပ် ဒုတပ်ကြပ်နေလင်းထွေးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့က ကြည်းတပ်မှ စစ်သားများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာ သေနတ်ဖြင့် ဝိုင်းဝန်း ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း သိရသည်။

စစ်ကောင်စီကမ်းထိုး ရေယာဥ် (၁၇၁၄) မှ ရေတပ် ဒုတပ်ကြပ်နေလင်းထွေးသည် အထူးတက်မကိုင်တာဝန် (Special wheel) ယူထားသူဖြစ်ပြီး အဆိုပါရေယာဉ်တွင် ကြည်းတပ် ခမရ-၅၅၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်များလည်း လုံခြုံရေးလိုက်ပါ ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်းသိရသည်။

ဒုတပ်ကြပ်နေလင်းထွေးက ” ကြည်းတပ်က စာမတတ်တဲ့‌‌ကောင်တွေများတယ်၊ စာမတတ်တော့ သိပ်မတွေးခေါ်တတ်ဘူး၊ ထင်ရာလုပ်ကြတယ်၊ ရေတပ်ဆိုရင် စာတတ်တဲ့ သူတွေချည်းပဲ၊ ပညာတတ်တွေများတယ်၊ ရေယာဥ်ကိုလည်း အခြားအဆင့်က မောင်းခွင့်ရှိတယ်” ဟု ပြောဆိုသည့်အတွက် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ခိုက်ရန်ဖြစ်ပွားစဉ် ရေတပ်မှ ဒုတပ်ကြပ်နေလင်းထွေးကို ကြည်းတပ်မှ တပ်သားများက ဝိုင်းဝန်း ထိုးကြိတ်ကြသည့်အတွက် ရေယာဉ်တွင်ပါလာသည့် ရေတပ်သားများပါ ပါဝင်လာကာ နှစ်ဖက်ခိုက်ရန် ဖြစ်ပွားမှုအတွင်း ပစ်ခတ်မှုများရှိခဲ့ပြီး ကြည်းတပ်မှ တပ်သားများက သေနတ်ဖြင့် ဝိုင်းပစ်ခတ်ခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အစထဲက တပ်ထဲမှာကဒီလိုပဲ။ အခုဆိုပိုဆိုးတယ် သူတို့ကိုအရေးယူလိုက်ရင် တပ်အင်အားပြုန်းတီးတယ် အဲ့တာကြောင့်သတင်းဖုံးပြီး လွှတ်ထားပေးတာများတယ်။ ကြည်းတပ်က အစထဲကသူတို့က သေနတ်ကိုင် စစ်တိုက်ရတဲ့တပ်ဆိုပြီး တခြားတပ်တွေ ကိုနှိမ်ကြတယ်။ ပညာအရည်အချင်းဆိုလည်း ကြည်းတပ်ကအနည်းဆုံးပဲ။ အခုလည်း သူတို့ကို ပြောတော့နာပြီး ပစ်ခတ်ကြတဲ့သဘောပဲ” ဟု CDM တပ်မတော်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူ ဒုတပ်ကြပ် နေလင်းထွေးသည် အမှတ်(၁) စစ်အခြေခံ လေ့ကျင့်ရေးတပ် (ဖောင်ကြီး) သင်တန်းဆင်းဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးနှင့် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဒုတပ်ကြပ် နေလင်းထွေး သေဆုံးမှုကို တာဝန်ရှိသူ အရာရှိများမှ သတင်းဖုံးဖိကာ တပ်သားအချင်းချင်း သောက်စားပြီး မှားယွင်းပစ်ခတ်မှုသာ ဖြစ်သည်ဟု အထက်သို့ တင်ပြထားကြောင်းလည်း တပ်တွင်း သတင်းရင်းမြစ်ထံကသိရသည်။

ပေါက်တောမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့က နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက ရေတပ် နှင့် လေတပ် ပစ်ကူများသုံးကာ အပြင်းအထန်ခုခံခဲ့‌သော်လည်း အဆိုပါနေ့ညနေပိုင်းတွင် မြို့တွင်ကျန်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေတပ်မှ စစ်ရေယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားပြီးနောက် AA မှ မြို့ကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်

#ပေါက်တော #ရခိုင် #ရေတပ်ဒုတပ်ကြပ်သေဆုံး #ကြည်းတပ်စစ်သားများ #ပစ်သတ်ခံရ #သတင်းဖုံးဖိ #Ayeyarwaddy_Times