ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ အထူးဒေသ(၆)ရှိ ကျေးရွာအုပ်စုများတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLO/PNLA)နှင့် မဟာမိတ်အဖွဲ့ကို ပြန်လည် တိုက်ခိုက်ရန် စစ်ကောင်စီလက်အောက်ခံ အထူးဒေသ(၆) ပအိုဝ်းငြိမ်းချမ်းရေး အဖွဲ့အမည်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) က လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) ကို ဦးအောင်ခမ်းထီက ဦးဆောင်ထားပြီး ပအိုဝ်းပြည်သူများနှင့် အတူနေ တိုင်းရင်းသား ညီနောင်များ လုံခြုံစေရန်အတွက် ကျေးရွာအုပ်စုတိုင်းကို လက်နက်တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် PNO/PNA က ထုတ်ပြန်ထားသည်။

ထို့အပြင် ၎င်းတို့သည် ရန်သူမရှိဘဲ မိတ်ဆွေသာရှိသည့် အဖွဲ့အစည်းဖြစ်သည်ဟု ဆိုထားပြီး အထူးဒေသ(၆) နယ်မြေရှိ PNLO နှင့် မဟာမိတ်အဖွဲ့တို့ကို စစ်ကောင်စီနှင့် ပူးပေါင်း၍ ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဆီဆိုင်မြို့နယ်နှင့် ပတ်သက်၍လည်း PNLO နှင့် မဟာမိတ်အဖွဲ့သည် ပြည်သူလူထုနှင့် ရဟန်းသံဃာတော်များကို မောင်းထုတ်ခဲ့သည်ဟု ပအိုဝ်းပြည်သူ့ စစ်အဖွဲ့ (PNO/PNA) က စွပ်စွဲပြောဆိုထားပြီး ၎င်းတို့အနေဖြင့် ဒေသခံပြည်သူများ အမြန်ဆုံးနေရပ်ပြန်နိုင်ရန် စစ်ကောင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ် မြောက်ဘက် မဲနယ်တောင်ရှိရာ စကားဒေသ၊ စံဖူးရွာတွင် PNLA တပ်ဖွဲ့၀င်များ၏ ကားငါးစီးပါ ယာဉ်တန်းကို စစ်ကောင်စီတပ်နှင့်အတူ ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ပိတ်ဆို့တားဆီးရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထို့မှတဆင့် ဆီဆိုင်မြို့ကို တိုက်ပွဲများ ကူးစက်သွားကာ လက်ရှိတွင် ဆီဆိုင်မြို့ကို PNLO နှင့် မဟာမိတ်အဖွဲ့များက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထား ကြောင်း သိရသည်။

ဓာတ်ပုံ – PNA
#PNLA #မဟာမိတ်အဖွဲ့ #စစ်ကောင်စီတပ် #ပူးပေါင်းတိုက်ခိုက် #ပအိုဝ်းပြည်သူ့စစ် #လက်နက်တပ်ဆင် #Ayeyarwaddy_Times