မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)အထိ ပျံ့နှံ့ကူးစက် လာသည့် တော်လှန်ရေးတပ်ဖွဲ့များ၏ မြို့သိမ်းတိုက်ပွဲ များကို စစ်ကောင်စီက မ‌တွန်းလှန်နိုင်ခြင်းမှာ ” အဘ မအားသေး၍ မြို့တွေကိုခတ္တလက်လွှတ်ထားရခြင်း ဖြစ်သည်” ဟု စစ်ကောင်စီ တပ်တွင်းနှင့် တပ်ထောက်ခံသူများကြားတွင် ဝါဒဖြန့်ထားကြောင်း သိရသည်။

ဆုံးရှုံးသွားသည့်နယ်မြေများကို စစ်ကောင်စီအနေနှင့် ယခုလိုချင်လျှင် ယခုပင်ပြန်လည်တိုက်ယူ၍ ရနိုင်သော်လည်း အဘ(စစ်ခေါင်းဆောင်) မအားသေး၍သာ လက်လွှတ်ထားခြင်းဖြစ်သည်ဟု ‌တပ်ထောက်ခံသူများကြား ဝါဒဖြန့် ထားသည်ကို ဧရာ၀တီတိုင်းမ်သတင်းဌာနက စုံစမ်းသိရသည်။

“ဆီဆိုင်မြို့ကိစ္စနဲ့ပတ်သက်ပြီး အရွှေ့အပြောင်းတွေ ရှိတယ် ကြားတယ်။ အရွှေ့အပြောင်းကတော့ ရှိမှာပဲ။ အဘက ကောင်းမယ်ထင်သလို လုပ်ပေးနေတာ။ ခုရှမ်းတောင်တို့ ရခိုင်တို့ဆိုတာကလည်း သိမ်းချင်ရင် အလွယ်လေး။ အဘမအားသေးလို့သာ လွှတ်ထားတာ “ဟု အလယ်ပိုင်းတိုင်းရှိ အရာရှိတပ်မိသားစု၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် နို၀င်ဘာ ၂၃ ရက်နေ့က ဟုမ္မလင်းမြို့နယ်ရှိ ရွှေပြည်အေးမြို့သစ်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်သိမ်းနိုင်ခဲ့ရာ ယခုလတ်တလောတွင် ရှမ်းနီပြည်သူ့စစ်များနှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်း ၍ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် ယင်းရွှေပြည် အေးမြို့ကို စစ်တပ်က ပြန်သိမ်းနိုင်ပြီဖြစ်ကြောင်း တပ်ထောက်ခံ သူများက အောင်ပွဲခံနေကြပြီး စစ်ကောင်စီအနေဖြင့် တစ်မြို့ပြီးတစ်မြို့ ပြန်လည်သိမ်း ယူသွားမည်ဖြစ်ကြောင်း ဝါဒဖြန့်လျက်ရှိသည်။

စစ်ကောင်စီက ယင်းသို့ ဝါဒဖြန့်နေသော်လည်း လက်ရှိအခြေအနေတွင်မူ တော်လှန်ရေးတပ်ဖွဲ့များအနေနှင့် အရှုံးပေးအညံ့ခံ‌ခြင်းမရှိဘဲ ရွှေပြည်အေးမြို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့၀င်များထံက သိရသည်။

စစ်ကောင်စီတပ်တွင်းနှင့် တပ်ထောက်ခံသူများကြား သတင်းလွှင့်ထားသည့် လက်လွှတ်ရသည့် မြို့များကို စစ်ခေါင်းဆောင်ပိုင်းများမှ မအားသေး၍ လက်လွှတ်ထားရခြင်းမျိုးမဟုတ်ဘဲ လက်ရှိမြေပြင်အခြေအနေအရ စစ်သည် အင်အားလျော့နည်းပြီး တပ်ဖွဲ့စည်းပုံပျက်နေသည့် အတွက် ဒေသခံများကို ပြည်သူ့စစ်ဖွဲ့စည်း သည်အထိပါ လုပ်ဆောင်နေရသည်ကို တွေ့ရသည်။

ဖွဲ့စည်းထားသည့် ပြည်သူ့စစ်များကို လက်နက်အပြည့်အစုံ တပ်ဆင်နိုင်ခြင်းမျိုးမရှိဘဲ တပ်ဆင်ပေးသည့် လက်နက်များမှာလည်း BA-63 နှင့် ဒေသခံ PDF များထံမှ သိမ်းဆည်းရမိသည့် လက်လုပ်သေ နတ် တစ်ပတ်နွမ်းများသာဖြစ်ကြောင်း ပြည်သူ့စစ်စုဆောင်းနေသူနှင့် နီးစပ်သူထံက သိရသည်။

“ပျူတွေကို တပ်ဆင်ပေးထားတဲ့ လက်နက်တွေကိုကြည့်တာနဲ့ စကစ(စစ်ကောင်စီ)မှာ လက်နက်ခဲယမ်းအလျဉ်မမီတာကိုပြနေတယ်။ ပျူတွေကို အပြည့်အ၀မယုံ ကြည်တာလည်း ပါတာပေါ့။ ဒီပျူတွေကို တိုင်းရင်း သားဒေသတွေကို လွှတ်ဖို့မရှိလောက်ဘူး။ မကွေး၊ စစ်ကိုင်းအတွက် ရည်ရွယ်ထားပုံရတယ်။ ဘယ်လိုပဲပြောပြော စစ်ရေးအတွေ့အကြုံ နှစ်နှစ်ကျော်ရှိထားတဲ့ Local PDF တွေက အရေးသာတာပေါ့”ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ စစ်မျက်နှာဖွင့်ထားသည့် နယ်မြေများ တွင် မည်သို့ပင်စစ်ရှုံးနေသည် ဖြစ်သော်လည်း အဘအားသည် နှင့် နယ်မြေများကို ပြန်လည်တိုက်ယူမည်ဆိုသည့် ဝါဒဖြန့်မှုကို စစ်တပ်အသိုင်းအဝိုင်းနှင့် တပ် ထောက်ခံသူများအကြား ယုံကြည်နေသော်လည်း စစ်ရေးပြင်းထန်နေသည့်ဒေသများမှ တပ်ထောက်ခံသူများနှင့် တပ်မိသားစု၀င်များမှာ မြို့ကြီးများသို့ အရေးပေါ်ထွက်ပြေးတိမ်းရှောင် နေသည်ကို တွေ့ရသည်။

အလားတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းဆုံးရှုံးခဲ့သည့် နယ်မြေများကို နယ် မြေခွဲဝေအုပ်ချုပ်ခွင့်ယူရန်အတွက် လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆိုခြင်းသည် တရားမ၀င်ဘဲ လွှတ်တော်၏အတည်ပြုချက်လိုကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပုံစာ- ရှရှားနိုင်ငံ Novosibirsk မြို့ရှိ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းတွင် သေနတ်ပစ်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၂၀၂၁ ၊ ဇွန်)

#အဘမအားသေး #နယ်မြေများပြန်မသိမ်း #တပ်ထောက်ခံသူ #တပ်မိသားစုများ #ဝါဒဖြန့် #Ayeyarwaddy_Time