
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့် အယ်လ်နီညိုဖြစ်စဉ် အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်း အယ်လ်နီညိုဖြစ်စဉ် အားကောင်းကာ မိုးရွာ သွန်းမှုမမှန်ခြင်းနှင့် နေ့အပူချိန်မြင့်မားခြင်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့တွင် အသိပေးထားသည်။
အယ်လ်နီညိုသည် ပူပြင်းခြောက်သွေ့သည့်ရာသီဥတုဖြစ်ပေါ်စေပြီး အပူချိန်မြင့်မားကာ အပူရှိန်များစေသည့် အပူပိုဖြစ်စဉ်ကို ဖြစ်ပေါ်စေသည်။
အစွန်းရောက် ရာသီဥတုအယ်လ်နီညိုဖြစ်စဉ်ကြောင့် ပုံမှန်အားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်တက်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများမူမမှန်ခြင်းနှင့် မိုးခေါင် ရေရှားခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ ထံက သိရသည်။
ရာသီဥတု ဖြစ်စဉ်ပြောင်းလဲမှုကြောင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အချိန်အခါမဟုတ်ဘဲ ဆောင်းမိုးရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း ရန်ကုန်အပါအဝင် မြို့နယ်အများအပြားတွင် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်