ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်ကို ဇန်နဝါရီ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းဆုများပေးရာတွင် မြန်မာနိုင်ငံမှ ကျိုင်းတုံ နှင့် ပုသိမ်မြို့တို့သည် ASEAN Clean Tourist City Award ရရှိကြောင်း စစ်ကောင်စီ ဝါဒါဖြန့် သတင်းစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီအာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အာဆီယံကပေးအပ်သောခရီးသွားလုပ်ငန်း ဆိုင်ရာစံနှုန်းဆုများကိုရရှိခြင်းမရှိသော်လည်း ယခု ၂၀၂၄ ခုနှစ်တွင်ပြန်လည်ရရှိခြင်းဖြစ်သည်။

အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၄ နှင့်ဆက်စပ်ကျင်းပသည့်အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းဝေးကို စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလာရေးပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ နှင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တို့သည် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆု (ASEAN Clean Tourist City Award ) ရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် အာဆီယံအစိမ်းရောင်ဟိုတယ်ဆု ASEAN Green Hotel Award ငါးဆု၊ ASEAN Mice Venue Standard Award ( Category : Meeting Room ) သုံးဆု၊ ASEAN Mice Venue Standard Award ( Category : Exhibition Award ) နှစ်ဆု၊ ASEAN Mice Venue Standard Award ( Category : Event Venue ) သုံးဆု နှင့် ASEAN Sustainable Tourism Award တစ်ဆုတို့ကိုပါ မြန်မာနိုင်ငံက ရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွက် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆုကို လွိုင်ကော်မြို့၊ ထားဝယ်မြို့နှင့် တောင်ကြီးမြို့တို့က ရရှိခဲ့သည်။

လက်ရှိချိန်တွင် လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက နယ်မြေစိုးမိုးထားနိုင်ပြီး ထားဝယ်မြို့နှင့် တောင်ကြီးမြို့ပတ်ဝန်းကျင်တွင် စစ်ကောင်စီနှင့် ဒေသခံတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ကျိုင်းတုံနှင့် ပုသိမ်မြို့တို့သည် အာဆီယံကပေးအပ်သည့် သန့်ရှင်းသော ခရီးသွားမြို့တော်ဆုရထားသော်လည်း လက်နက်ကိုင်တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားနေပြီး စစ်ကောင်စီက ဥပဒေမဲ့ဖမ်းဆီးခြင်းများရှိနေ၍ အမေရိကန် နိုင်ငံသားများ မြန်မာနိုင်ငံကို ခရီးမသွားကြရန် ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ နေ့က ထပ်မံသတိပေးထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#၂၀၂၄ #အာဆီယံသန့်ရှင်း‌သောခရီးသွားမြို့တော်ဆု #ကျိုင်းတုံ #ပုသိမ် #လာအိုအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ #Ayeyarwaddy_Times