
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ၂၈ရက်နေ့ကစ၍ မြို့တွင်းသို့ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် အစားအသောက်၊အဝတ်အထည်များတင်ဆောင်သည့် ကုန်တင်ယာဉ်များကို စစ်ကောင်စီတပ်မှ တားဆီးစစ်ဆေးပြီး ငွေပေးမှသာ မြို့တွင်းသို့ ဝင်ခွင့်ပြုနေကြောင်း ကုန်တင်ယာဉ်မောင်းများထံကသိရသည်။
ကန်ကြီးထောင်မြို့နယ်ရှိ အပင်နှစ်ဆယ်မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွင် မြို့တွင်းသို့ဝင်ရောက်မည့် ကုန်တင်ယာဉ်များကို လုံခြုံရေးအကြောင်းပြကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း ကုန်တင်ယာဉ်မောင်းများထံကသိရသည်။
“ဆေးဝါးတွေနဲ့ကျန်းမာရေးပက်သက်တဲ့ပစ္စည်းတွေသယ်တဲ့ကားဆိုပိုအစစ်ခံရတယ်။ မုန့်တွေအဝတ်အထည်တွေကအဲ့လောက်မဟုတ်ဘူး။ မှောင်ခိုပစ္စည်းတွေပါမပါစစ်တယ်လို့ပြောတာပဲ။အရင်တုန်းကအဲ့လိုတခါမှအစစ်မခံရဘူး”ဟု မြို့တွင်းသို့ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပို့ဆောင်နေသည့် ရန်ကုန်မြို့ခံကုန်တင်ယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ၊ အဝတ်အထည်များကို မြို့တွင်းသို့ပို့ဆောင်နိုင်ရန်အတွက် ကုန်တင်ယာဉ်တစ်စီးလျှင် ငွေ ၅၀၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ်အထိ စစ်ကောင်စီတပ်သားများကို ပေးနေရကြောင်း ကုန်တင်ယာဉ်မောင်းများထံက သိရသည်။
“ ထိုင်းကနေမှောင်ခိုလာမှာစိုးလို့ စစ်တာတဲ့။ လိုင်စင်ရှိတယ်ဆိုလည်းမရဘူး။ အထောက်အထား ပြလည်း မြို့ထဲသယ်ခွင့်မပေးဘူး။ငွေ ငါးသောင်းပေးမှပဲလွှတ်ပေးလိုက်တယ်။ အခြားကားတွေကတော့ဘယ်လောက်ပေးရလဲမပြောတတ်ဘူး”ဟုထိုင်းအဝတ်အထည်နှင့်အစားအသောက်ကုန်ပစ္စည်းသယ်ဆောင်ပေးနေသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။
အလားတူကန်ကြီးထောင့်မြို့နယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း မြို့တွင်းသို့ဝင်ရောက်နေသည့် ဆန်ကုန်တင်ယာဉ်များကို အပင်နှစ်ဆယ်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်မှ လုံခြုံရေးအကြောင်းပြ ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ငွေကျပ်သောင်းချီပေးမှသာပြန်လွှတ်ပေးခဲ့သည်။
#ကန်ကြီးထောင့်မြို့နယ် #ဆေးဝါးနှင့်ဆက်စပ် #ပစ္စည်း #ကုန်တင်ယာဉ် #Ayeyarwaddy_Times