
ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဇန်နဝါရီ ၂၈ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း စစ်ကောင်စီတပ်မှ ၂၈ နှစ်ကျော်ကြာတပ်စွဲထားသည့် ခမရ-၅၂၈ နှင့် ခမရ-၅၉၃ လက်အောက်ခံတပ်များ၏ စစ်စခန်း သုံးခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်ဝါရီ ၁၃ ရက်၊ ၁၄ ရက် နှင့် ၁၅ ရက်နေ့တို့တွင် အသီးသီး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ထံက သိရသည်။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ (၂) နယ်မြေအတွင်းရှိ စစ်ကောင်စီ စကခ-၂၀ လက်အောက်ခံ ခမရ-၅၂၈ နှင့် ခမရ-၅၉၃ တပ်ရင်းများ၏ ထီးတော်ပယ်(ထင်းရှူးတောင်) စခန်း၊ ဘူဆာခီးစခန်း၊ သီးမူပေါ်စိုးစခန်း တို့မှ တပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြသည့်အတွက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း-၄ နှင့် တပ်မဟာအထူး တပ်ဖွဲ့တို့မှ နယ်မြေ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“အဓိကကတော့ တောင်ငူ၊ ရေတာရှည်၊ ဖြူးမြို့နယ် အဲ့ဒီဘက်တွေမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (ERO) တွေနဲ့ ပေါင်းပြီး တိုက်ခိုက်ကြတယ်။ ပဲခူးရိုးမ အနောက်ခြမ်းမှာဆိုလည်း သက်ဆိုင်ရာ စစ်ကြောင်း တွေကနေ ထိတွေ့မှုတွေဖြစ်တဲ့အတွက်ကြောင့် သူတို့(စစ်ကောင်စီ)အနေနဲ့ အင်အားတွေ ဖြန့်ကျက်ဖို့ ဘယ်လိုမှ အဆင်မပြေတဲ့အတွက် စခန်းတွေစွန့်ခွာပြီး အထိုင် စခန်း အကြီးတွေမှာ ပြောင်းပြီးအထိုင်ချတဲ့ပုံစံမျိုးလုပ်နေတာပေါ့နော်။ ဒီတလပိုင်း အတွင်းမှာ ဆိုစခန်း ရှစ်ခုလောက်ကို ရှင်းလင်းခဲ့ရတယ်” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဘူဆာခီးစခန်းနှင့် ထီးကော်ပယ်စခန်းတို့မှာ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဝင်ရောက်တပ်စွဲထားသည်မှာ ၁၉၉၅ ခုနှစ်ကတည်းကဖြစ်ပြီး ယခုအခါ ၂၈ နှစ်ကျော်ကြာပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ၎င်းတို့စခန်းများကို စွန့်ခွာ၍ ခလယ်လာရွာ(ဘောဂလိကြီး) ရွာဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားကြခြင်း ဖြစ်သည်။
“ရိက္ခာဖြတ်တောက်ခံရလို့ပြန်ဆင်းတာကတကြောင်းပေါ့ “၁၀၂၇” “၁၁၁၁” စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲနဲ့ တောင်ငူမြို့နားအထိ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲများပိုမိုဖော်ဆောင်လာနိုင်တဲ့ အတွက် မြို့တွင်းနောက်တန်းစခန်းများမှာ အင်းအားပြန်လည်စည်းရုံးတာလည်းပါနိုင်တယ်” ဟု တောအူးခရိုင် ပြောရေးဆိုခွင့် ရှိသူက ပြောဆိုထားသည်။
တပ်မဟာ-၂ နယ်မြေ၊ တောင်ငူခရိုင်အတွင်း စစ်ကောင်စီတပ်များမှာ စခန်းစွန့်ခွာထွက်ပြေးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ပထမပတ် အတွင်းကလည်း ဖလေးဆာလိုတပ်စခန်း၊ ကလောမီဒဲတပ်စခန်း၊ မူဆာလေး စခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာ ထွက်ပြေးသွား ကြသည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များက စခန်းမီးရှို့ကာ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရသည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး
#ကရင်အမျိုးသားအစည်းအရုံး #တောင်ငူခရိုင် #စစ်ကောင်စီ #စခန်းစွန့်ခွာထွက်ပြေး #KNDO #နယ်မြေရှင်းလင်း #Ayeyarwaddy_Times