မြရာ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

စစ်ရေးပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကောင်စီ၏တပ်ရင်း၊ တပ်ဖွဲ့လိုက် လက်နက်ချအညံ့ခံနေကြသဖြင့် “အင်အားတိုးပြီး တန်ပြန်တိုက်စစ်ဆင်ကြပါ” ဟု စစ်ခေါင်းဆောင်က ဆိုင်ရာစစ်တိုင်းမှူးများကို ဒေါသတကြီး အော်ဟစ်နေကြောင်း စစ်ရုံးချုပ်နှင့် နီးစပ်သူထံက သိရသည်။

ရှမ်းမြောက်၊ ကရင်နီ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားလျက်ရှိသည့်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး၊ ဗျူဟာမှူးမှစ၍ တပ်ရင်းလိုက်၊ တပ်ဖွဲ့လိုက် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချအညံ့ခံမှုများ နေ့စဥ် ဆိုသလိုရှိလာသည့်အတွက် စစ်ခေါင်းဆောင်က ယခုကဲ့သို့ အော်ဟစ်ခိုင်းစေနေခြင်း ဖြစ်ကြောင်း သိရသည်။

ရှေ့တန်းစစ်မြေပြင်၏ နေရာအနှံ့တွင် အရှုံးနှင့်ရင်ဆိုင်နေရပြီး နယ်မြေများကို စိုးမိုးမှုဆုံးရှုံးနေရသည့်အတွက် နေပြည်တော်ရှိစစ်ရုံးချုပ်တွင် အရေးပေါ်နှင့်အရေးကြီး အစည်းအဝေးများudk နေ့စဉ်လိုလို ပြုလုပ်နေရပြီး တန်ပြန်ထိုးစစ်ဆင်ကြပါဟု တိုင်းမှူးများကို စစ်ခေါင်းဆောင်က အော်ဟစ်ခိုင်းစေနေကြောင်း သိရသည်။

“ရှမ်းမြောက်ပြီးတော့ ရခိုင်နဲ့ချင်းမှာ ရင်းလိုက်ပြုတ်ပြီး အညံ့ခံနေကြတော့ စစ်ရုံးချုပ်မှာ အစည်းအဝေးကပြတ်တယ်မရှိဘူး။ စစ်တိုင်းမှူးတွေကို ထောင်းတာပေါ့။ အင်အားတိုး ထိုးစစ်ဆင်ဖို တောက်လျှောက်အော်နေတာ။ ဗိုလ်ချုပ်တွေကတော့ ခေါင်းမငြိမ့် ခေါင်းမခါဘဲ လုပ်နေနိုင်တော့တယ်” ဟု စစ်ရုံးချုပ်နှင့်နီးစပ်သူကပြောသည်။

ယခုလ ဇန်နဝါရီ ပထမပတ်အတွင်း၌ ရှမ်းမြောက်ရှိ လောက်ကိုင်(ဒကစ)တစ်ခုလုံး လက်နက်ချအညံ့ခံပြီး နောက် စစ်ကောင်စီတပ်အတွင်း၌ ဆူပူမှုများဖြစ်ပေါ် ခဲ့ပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် စစ်တိုင်းမှူးများနှင့် တွေ့ဆုံ၍ ဖြန်ဖြေညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

ထိုသို့ လက်နက်ချမှုများ ဆက်လက်မဖြစ်ပေါ်စေရန် နှင့် ရှမ်းမြောက်၏အရှုံးကို တာ၀န် ယူခိုင်းလိုက်သည့် အနေဖြင့် လောက်ကိုင်(ဒကစ)လက်နက်ချမှုတွင် အဓိကဟု သတ်မှတ်ခံရသည့် ဗိုလ်မှူးချုပ် ခြောက်ဦးကို သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များ ချမှတ်သည့် လုပ်ရပ်များသည် လက်နက်ချအညံ့မခံရန်အတွက် စစ်ခေါင်းဆောင်က နမူနာပြ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ရှေ့တန်းတွင်စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သားများသည့် ရှေ့တန်း စစ်မျက်နှာပြင်တွင် တော်လှန်ရေးအဖွဲ့များထံ လက်နက်ချအညံ့ခံခြင်းများရှိနေပြီး စစ်ကောင်စီ၏အရေးယူမှုကြောင့် လက်နက်ချ အညံ့မခံရဲသူများက နယ်စပ်ဒေသမှတစ် ဆင့် အိမ်နီးချင်းနိုင်ငံများကို အသက်လုထွက်ပြေးခြင်းများ ပြုလုပ်လာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက AA ၏ထိုးစစ်ဆင်တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီတပ်သားများ ပလက်၀ဒေသမှ တစ်ဆင့် အိန္ဒိယနိုင်ငံနယ်စပ်သို့ ထွက်ပြေးခဲ့ကြပြီး ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြိမ်ကြိမ် လက်ခံနေရသည့် အိန္ဒိယနိုင်ငံဘက်မှ နယ်စပ်ခြံစည်းရိုးခတ် မည်ဆိုသည့် သတင်းများထွက် ပေါ်ခဲ့သည်။

ထို့အပြင် ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီနှင့် KIA/PDF တို့ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့သည့် ကချင်ပြည်နယ်၊ မန့်ဝိန်းကြီးစခန်း သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ၆၀ နီး ပါးသည် ရွှေလီမြစ်ကို ဖြတ်ကူး၍ တရုတ်နိုင်ငံထဲသို့ ၀င်ရောက် ထွက်ပြေးခဲ့ကြသည်။

စစ်ကောင်စီက စစ်မျက်နှာဖွင့်ထားသည့် ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းမြောက်၊ ချင်း၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့တွင် နေရာအနှံ့ အဓိကကျသည့်တပ် စခန်းများနှင့် နယ်မြေအချို့ကို လက်လွတ်ဆုံးရှုံးနေ ရသည့်အပြင် ယခုကဲ့သို့ လက်နက်ချအညံ့ခံခြင်း၊ နယ်စပ်သို့လက်လွတ်ထွက်ပြေးခြင်းများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကို အင်အားတိုးချဲ့၍ တန်ပြန်ထိုးစစ်ဆင်ရန် စစ်ခေါင်းဆောင်က ဒေါသတကြီး ပြောဆိုနေ ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ပုံဟောင်း)

#စစ်ကောင်စီတပ်သားများ #လက်နက်ချထွက်ပြေး #စစ်ခေါင်းဆောင် #စစ်တိုင်းမှူးများ #အင်အားတိုး# တန်ပြန်ထိုးစစ်ဆင် #အော်ဟစ်ဆူပူ #Ayeyarwaddy_Times