ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ရက်

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားသည့် ပေါက်တောမြို့နှင့် ရေမိုင် ၁၆မိုင်သာ ကွာသည့် ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် စစ်ကောင်စီက မဆုတ်တမ်းခံ စစ်ပြင်ထားပြီး မြို့အတွင်း အင်အားလှည့်လည်ပြသနေကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီ ၂၇ရက်နေ့တွင် မြို့တော်စစ်တွေ ၏ အဓိကရေလမ်း ဝင်ပေါက်ဖြစ်သည့် ဆတ်ရိုးကျ တံတားအောက်နှင့် မြို့လယ်ချောင်းဝ ကိုရီးယားတံတားအောက်တို့ကို အင်အားတိုးချဲ့၍ ပိတ်ဆို့ခဲ့ကြောင်းသိရသည်။

ထို့အပြင် မြို့တွင်းပိုင်းတွင်လည်း မဆုတ်တမ်းခံစစ် စီမံကိန်းကို အကောင် အထည်ဖော်နေပြီး ခံစစ်စည်းကို စစ်တွေမြို့ပြင်အထိ တိုးချဲ့ထားကြောင်းသိရသည်။

“ကံ့ကော်ကျွန်းရွာဘုန်းကြီးကျောင်းမှာ အခိုင်အမာတပ်စွဲပြီးကို ခံစစ်ပြင်နေတယ်။ မြို့ထဲမှာလည်း တင့်ကားတွေ သံချပ်ကာကားတွေလှည့်ပြနေတယ်။ ဝတ်စုံပြည့်အင်အား အပြည့်ပဲ။ တပ်တော်မလာသေးခင် ကြိုပြင်ထားပုံပဲ” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်တွေမြို့အတွင်းသို့ စစ်ကောင်စီက စစ်ကူအဖြစ်တင့်ကားများကိုသွင်းယူလာပြီး မြို့အတွင်း အင်အားလှည့်လည်ပြသနေကြောင်းသိရသည်။

“စစ်ကောင်စီက ရူးနေပြီလားမသိဘူး။ မြေအနေအထားအရ တင့်ကားအနေနဲ့က ဘာမှလုပ်မရဘူး။ Direct fire (တိုက်ရိုက်ပစ်) အနေနဲ့သုံးမလို့လားမသိဘူး” ဟု စစ်ရေးသုံးသပ်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်မြောက်ပိုင်းရှိ အကြီးဆုံးစစ်စခန်းဖြစ်သည့် ကျောက်တော် အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) ကို ဇန်နဝါရီ ၄ရက်နေ့က အပြင်းအထန်ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်နေပြီး စကခ-၉ ၏ အပြင် စည်းရိုးကို ထိုးဖောက်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီက ရခိုင်မြောက်ပိုင်းရှိမြို့နယ်များကို ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် မြို့တွင်းအဆက်အသွယ်များ ပြတ်တောက်နေပြီး အင်တာနက် လိုင်းအနေနှင့် မိုင်တဲလိုင်းတစ်ခုသာ ပြည်နယ်ရုံးအရှေ့ဘက်တွင် လိုင်းမိ၍ အသုံးပြုနိုင်ရကြောင်းသိရသည်။

ယခုလက်ရှိ စစ်ကောင်စီက ပိတ်ဆို့ကာကွယ်ထားသည့် ရေကြောင်းဝင်ပေါက်နေရာနှစ်ခုအနီးတွင် ဖြတ်သန်းသွားလာသူများကို ထိုင်ထလုပ်ခိုင်း၍ အရှက်ခွဲခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်းများလုပ်ဆောင်နေကြောင်း စစ်တွေမြို့ခံများထံက သိရသည်။

လက်ရှိတွင်စစ်ကောင်စီက စစ်တွေမြို့အတွင်း၌ တင့်ကားနှစ်စီး၊ နောက်ဖွင့်ကားများတွင် အင်အားအပြည့်နှင့် စက်သေနတ်တင်ဆောင်ထားသော ကားလေးစီးတို့ဖြင့် နေ့စဥ် ဖြတ်သန်း၍ အင်အားပြလျက်ရှိကြောင်း သိရသည်။

ပုံစာ-စစ်တွေမြို့အတွင်းသို့ စစ်ကောင်စီက တင့်ကားများဖြင့်လှည့်လည်နေစဥ် (ပုံဟောင်း)
#စစ်တွေမြို့ #စစ်ကောင်စီ #မဆုတ်တမ်းခံစစ်ပြင် #လှည့်လည်အင်အားပြ
#Ayeyarwaddy_Times