နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ကို မဟာမိတ်အဖွဲ့များနှင့်အတူ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ကာ အမျိုးသားအလံတော် လွှင့်ထူခဲ့သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ကို အပစ်ရပ်စာချုပ် NCA အကြောင်းပြ၍ တွေ့ဆုံဆွေးနွေးရန် အာဏာသိမ်း စစ်ကောင်စီက တိုက်တွန်းကမ်းလှမ်းခဲ့ကြောင်း သိရသည်။

PNLO အနေဖြင့် စစ်ကောင်စီကို ညီနောင်မဟာမိတ်များနှင့်အတူ လက်တွဲတွန်းလှန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဟူသော NCA ၏ အခြေခံမူကို မျက်ကွယ်ပြုသည်ဟု စစ်ကောင်စီက ယနေ့ ဇန်နဝါရီ ၂၈ ရက်ထုတ် ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

အပစ်ရပ်စာချုပ် NCA ကို အမှန်တကယ် ချိုးဖောက်နေသည်မှာ အာဏာသိမ်း စစ်ကောင်စီသာဖြစ်သည်ဟု PNLO နှင့်အတူ မဟာမိတ်အဖွဲ့အဖြစ် ပူးပေါင်းတိုက်ပွဲဝင်နေသည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ဖြေကြားသည်။

“NCA လက်မှတ်ထိုးကြတဲ့ ပြည်ထောင်ဖက်တွေကြားမှာ စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကြားမှာဖြစ်စေ၊ စစ်တပ်နဲ့ အစိုးရကြားမှာဖြစ်စေ ပြဿနာတွေရှိလာရင် ဒါကတော့ နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်း ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အဲဒီတော့ စစ်တပ်နဲ့ အစိုးရအကြား ပြဿနာဖြစ်လာတဲ့အခါမှာ စစ်တပ်ကနေပြီးတော့ နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းရေး မလုပ်ဘဲနဲ့ အာဏာသိမ်းခဲ့တယ်။ အဲဒါကိုက NCA ကို ချိုးဖောက်တာ။ NCA ကို အကြိမ်ကြိမ်အခါခါ ထပ်မံပြီးတော့ ချိုးဖောက်တာက စစ်တပ်ပါပဲ” ဟု FPNC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ် မြောက်ဘက် မဲနယ်တောင်ရှိရာ စကားဒေသ၊ စံဖူးရွာတွင် PNLA တပ်ဖွဲ့၀င်များ၏ ကားငါးစီးပါ ယာဉ်တန်းကို အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ဦးအောင်ခမ်း ထီ၏ ပအိုဝ်းပြည်သူစစ်-PNO က ပိတ်ဆို့တားဆီးရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်မီးဆက်မကူးစေရန်အတွက် နှစ်ဖက်ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့သလို ဇန်နဝါရီ ၂၂ ရက်၊ ညပိုင်းတွင်လည်း PNLO ဗဟိုဌာနချုပ်ရှိရာ နော်ထော်ကျေးရွာသို့ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

“NCA ရဲ့ ပြဌာန်းချက်မှာက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အချက်ပါပါတယ်။ အဲဒီတော့ စစ်တပ်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရ မယ့်အစား ပြည်သူကို ရန်သူလို့ သတ်မှတ်ပြီးတော့ အခုလေယာဉ်တွေနဲ့ ဗုံးကြဲတယ်၊ လက်နက်ကြီးနဲ့ ပစ်တယ်။ အမျိုးမျိုး ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်နေတာ ဖြစ်ပါတယ်” ဟု PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ဆိုသည်။

ယင်းဖြစ်စဉ်မှ အစပြု၍ ယခုအခါ ဆီဆိုင်မြို့ပေါ်အထိ တိုက်ပွဲများ ကူးစက်သွားရခြင်းဖြစ်ပြီး PNLO အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးချိန်မှစ၍ စာချုပ်ပါအ ချက်များကို လေးစားလိုက်နာမှု အရှိဆုံးဖြစ်သည်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူများ အသိဆုံးဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။

PNLO အနေဖြင့် လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်းသည် NCA ပါ သဘောတူညီချက်များနှင့် ဆန့်ကျင်ပြီး ဒေသတည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေသဖြင့် NCA ပါ သဘောတူညီချက်များအား အလေး ထားလိုက်နာ ဆောင်ရွက်ရန်နှင့် အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး လက်အောက် ခံ အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအား အထူးအလေးထား စစ်ဆေးကြပ်မတ်ထိန်းသိမ်းရန် စစ်ကောင်စီ၏ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) က ဇန်နဝါရီ ၂၃ ရက်တွင် PNLO အဖွဲ့ထံ သတိပေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် PNLO အနေဖြင့် ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကို ရှောင်ဖယ်၍ မိမိတို့၏ သဘောထားဆန္ဒ၊ လိုလားချက်များကို ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းသည်သာလျှင် လမ်းကြောင်းမှန်ဖြစ် ကြောင်းနှင့် NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးအထောက်အကူပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ၎င်းတို့နှင့်အတူ ဆက်လက် လက်တွဲဖော်ဆောင်ရန် စစ်ကောင်စီက တိုက်တွန်းထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) မှ တာဝန်ရှိသူများကို ဧရာဝတီတိုင်းမ် သတင်းဌာနမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

PNLO အနေဖြင့် စစ်တပ် ဩဇာညောင်းသော ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းတွင် ၈ နှစ်တိုင်တိုင် မျှော်လင့်ချက်ကြီးစွာဖြင့် စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ခဲ့သော်လည်း အာမခံချက်ရှိသော နိုင်ငံရေးရလဒ်များ ရရှိခြင်းမရှိခဲ့သလို ယခုဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခသည် လူမျိုးရေး ပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို လည်ပတ်စေသူ လူတစ်စုနှင့် အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများ၊ တစ်ပြည်လုံးရှိ ပြည်သူလူထူ တို့အကြား ဖြစ်ပွားသော ပဋိပက္ခသာဖြစ်ကြောင်း PNLO က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) မှ နယ်မြေတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်လိုက်ပြီး ပအိုဝ်းအမျိုးသား အလံတော်ကိုလည်း စတင်လွှင့်ထူခဲ့သည်။

စစ်ကောင်စီသည် ဆီဆိုင်မြို့ နှင့် ပအိုဝ်းကျေးရွာများ၊ PNLO ဌာနချုပ်ရှိရာနေရာသို့ လေယာဉ်ဖြင့် အဆက်မပြတ်ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းနှင့် ဒေသခံပြည်သူလူထု၏ နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း သိရသည်။

“အခုဒီတိုက်ပွဲမှာတော့ PNLO/PNLA ရဲ့ တပ်ဖွဲ့တွေရော၊ ကျွန်တော်တို့ PNFC က တပ်ဖွဲ့တွေရော၊ မဟာမိတ်တပ်ဖွဲ့တွေရော ပူးပေါင်းပြီးတော့ ဆင်နွှဲနေပါတယ်။ ဆီဆိုင်တစ်မြို့လုံးနီးပါးကိုတော့ ကျွန်တော်တို့ ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ပါတယ်။ သို့သော်လည်း စစ်ကောင်စီဘက်ကတော့ အမြှောက်တွေနဲ့ပစ်၊ လေယာဉ်တွေနဲ့ ဗုံးကြဲနေဆဲ ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေကတော့ အဲဒါပါပဲ” ဟု PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) သည် PNLO/PNLA ၏ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝ တူ ညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွဲသွားမည်ဟု ထုတ်ပြန်ဖော်ပြထားချက်ကို အလေးအနက် ထောက်ခံကြိုဆိုလျက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

အဆိုပါနှစ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ ၎င်းတို့သည် ပအိုဝ်းပြည်သူအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူများကို ကာကွယ်ရန် လိုအပ်ချက်မှတပါး ပအိုဝ်းအမျိုးသား အချင်းချင်းကြားတွင်ဖြစ်စေ၊ တိုင်းရင်းသား အချင်းချင်းကြားတွင်ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအောက်တွင် ရပ်တည်နေသော ပအိုဝ်းအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့ (PNO အသွင်ပြောင်း ပအိုဝ်းပြည်သူ့စစ်) အနေဖြင့် အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းပေါ်သို့ ကူးပြောင်း ရပ်တည်ရန်နှင့် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲတို့သည်လည်း ပြည်သူ့ရင်ခွင်သို့ ယုံကြည်စိတ်ချစွာ ဘက်ပြောင်းခိုလှုံကြရန် အသိပေးတိုက်တွန်းထားသည်။

ဓာတ်ပုံ-ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)
ပုံစာ-PNLA တပ်ဖွဲ့ဝင်များ ဆီဆိုင်မြို့ကို ထိန်းချုပ်ပြီးနောက် ပအိုင်းအမျိုးသားအလံနှင့်အတူတွေ့ရစဉ်
#ဆီဆိုင်မြို့ #တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ် #ပအိုဝ်းအမျိုးသားအလံလွှင့်ထူ #PNLO #NCA #တွေ့ဆုံဆွေးနွေး #စစ်ကောင်စီ #Ayeyarwaddy_Times