
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခွင့် ရရှိခဲ့သော ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ ပြုလုပ်သည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာ့ အရေးနှင့် ပတ်သက်၍ ဘုံသဘောတူညီချက် (၅) ရပ်ကို ချမှတ်ခဲ့သည်။
ယင်း အာဆီယံထိပ်သီး အစည်းအဝေးသည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာ သိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နောက်ဆုံး တက်ရောက်ခွင့် ရရှိခဲ့သည့် အစည်းအဝေးလည်း ဖြစ်သည်။
မြန်မာနှင့်အာဆီယံဘုံသဘောတူညီချက် (၅) ရပ်
=========
အဆိုပါ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်မှာ မြန်မာနိုင်ငံတွင် အကြမ်း ဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူ အားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသည့် အဖြေတစ်ခုရအောင် သက်ဆိုင်သူ အားလုံး အပြုသဘော ဆွေးနွေးကြရန်၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် တစ်ဦးသည် အာဆီယံအတွင်းရေးမှူးချုပ်၏ အကူအညီဖြင့် ဆွေးနွေးရေး လုပ်ငန်းစဉ်များ ကြားဝင်ညှိနှိုင်း ပေးရန်၊ အာဆီယံ၏ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနမှတဆင့် မြန်မာနိုင်ငံကို အကူအညီများပေးရန်၊ သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရန် အာဆီယံ အထူးကိုယ်စားလှယ် နှင့် အဖွဲ့အား မြန်မာနိုင်ငံသို့ စေလွှတ်ရန်တို့ ဖြစ်သည်။
မြန်မာ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံက အတည်ပြုခဲ့သော ယင်း ဘုံသဘောတူညီချက် (၅) ရပ်ကို အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ရသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နိုင်ငံတို့က ၎င်းတို့သက်တမ်းများအတွင်း ကြိုးပမ်းခဲ့သော်လည်း အကောင်အထည် မဖော်နိုင်သည့် အတွက် လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌသစ် ဖြစ်လာသော လာအိုနိုင်ငံက ဆက်လက် ကိုင်တွယ်ရမည် ဖြစ်သည်။
လာအိုနိုင်ငံသည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ၂၀၀၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် တို့တွင် တာဝန် ယူခဲ့ဖူးသည်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း အဖွဲ့ဝင်နိုင်ငံများက လွှဲပြောင်းယူရပြီး သက်တမ်း အားဖြင့် ၁ နှစ်ကာလဖြစ်ကာ အာဆီယံ၏ မူဝါဒရေးရာ အမြင့်ဆုံးဖြစ်သော ထိပ်သီးအစည်းအဝေး အပါအဝင် ဆက်စပ် အစည်းအဝေးများကို ဦးဆောင်၍ လက်ခံကျင်းပရသည်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌသည် အာဆီယံ၏ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ်အပြီး စစ်အေးကာလ ၁၉၆၇ ခုနှစ်၊ ဩဂုတ် ၈ ရက်တွင် အရှေ့တောင်အာရှ နိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်း ထိုနိုင်ငံ ၅ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများ စုပေါင်း၍ ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့သော အာဆီယံသည် ပုံမှန်အားဖြင့် ထိပ်သီး အစည်းအဝေးကို (၂) ကြိမ် ကျင်းပလေ့ ရှိသည်။ လိုအပ်ပါက အလွတ်သဘော ဆွေးနွေးပွဲများလည်း ပြုလုပ်တတ်သည်။
လာအိုနိုင်ငံသည် ၂၀၂၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီးနောက် သံတမန်အတွေ့ အကြုံရှိသော အလွန်ကီယို ကစ်တီခွန် (Alounkeo Kittikhoun) ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ် ခန့်အပ်၍ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းခရီးစဉ်များ ပထမဆုံးစေလွှတ်ခဲ့သည်။
၎င်းသည် ယခင်က လာအို၏ အာဆီယံရေးရာ ထိပ်တန်း တာဝန်ခံ၊ ကုလသမဂ္ဂ ဆိုင်ရာ လာအို အမြဲတမ်း ကိုယ်စားလှယ်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ယူ ခဲ့ဖူးသည်။
မစ္စတာ ကစ်တီခွန်သည် ယခုလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ အာဏာသိမ်း စစ်ခေါင်းဆောင်အပြင် NCA လက်မှတ်ထိုးထားသော အပစ်ရပ်အဖွဲ့နှင့် နိုင်ငံရေး ပါတီများအား တွေ့ဆုံခဲ့သလို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်း၊ တရုတ် တို့နှင့်ပါ မြန်မာအရေး တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယင်းတွေ့ဆုံမှုများသည် လာအို အနေဖြင့် စနည်းနာခြင်းဖြစ်ပြီး ထိုချဉ်းကပ်မှုအ ပေါ် စောင့်ကြည့်ရမည်ဟု လေ့လာသူများက သုံးသပ်သည်။
ထိုသို့ တွေ့ဆုံမှုများတွင် စစ်ကောင်စီက ယနေ့ထိတိုင် လိုက်နာဆောင်ရွက်ခြင်း မရှိသေးသည့် အာဆီယံ ဘုံသဘော တူညီချက် (၅) ရပ် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့သည်ဟု သတင်းများအရ သိရှိရသည်။
ထိုတွေ့ဆုံမှုများသည် ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိ လာအိုနိုင်ငံ၊ လုန်ဖရာဘမ် မြို့တော်တွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး မတိုင်ခင် အာဆီယံ အထူးကိုယ်စားလှယ်သစ်၏ တွေ့ဆုံမှု များလည်း ဖြစ်သည်။
ထရှိုကျကာ ယန်တရား (Troika Mechanism)
==========
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ပထမအပတ်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပခဲ့သော (၄၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာ့အရေး ဖြေရှင်းရန်အတွက် ထရွိုက်ကာ ယန္တရား (Troika Mechanism) ဟုခေါ်သော အာဆီယံ အဖွဲ့၏ ယခင်၊ လက်ရှိ နှင့် အနာဂတ် ဥက္ကဋ္ဌ သုံးနိုင်ငံ ပူးတွဲ ဦးဆောင်မှုဖြင့် ချဉ်းကပ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် အင်ဒိုနီးရှား (၂၀၂၃ ခုနစ်)၊ လာအို (၂၀၂၄ ခုနှစ်) နှင့် မလေးရှား (၂၀၂၅ ခုနစ်) တို့က ပူးတွဲ ကိုင်တွယ်ရမည် ဖြစ်သည်။
ထိုဆောင်ရွက်မှုသည် လာအို အပေါ် တရုတ်၏ ဖိအားပေးမှုကို အထိုက် အလျောက် ခုခံနိုင်ရန် အတွက် ပြင်ဆင်ခြင်းမျိုး ဖြစ်သည်ဟုလည်း စောင့်ကြည့် လေ့လာသူတချို့က သုံးသပ်ကြသည်။
ယင်း ဂျကာတာ အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အာဏာသိမ်း စစ်ကောင်စီကို အပြင်းအထန် ရှုတ်ချခဲ့ပြီး ၂၀၂၆ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာအစား ဖိလစ်ပိုင် နိုင်ငံသို့ လွှဲပြောင်းပေးရန်နှင့် ဘုံသဘောတူညီချက် (၅) ရပ် သည်လည်း မြန်မာ့အရေး ဖြေရှင်းရာတွင် အဓိကအဖြစ် ဆက်ရှိနေမည် ဖြစ်ကြောင်း အာဆီယံ ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့သည်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်ကလည်း လက်လွှတ်ခဲ့ရ ဖူးသည်။
အနောက်နိုင်ငံများက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဖိအား ပေးခဲ့သောကြောင့် ဖြစ်သည်။ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က တစ်ကြိမ်သာလျှင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ရယူဖူးကာ (၂၅) ကြိမ်မြောက် အာဆီယံ အစည်းအဝေးများ လက်ခံ ကျင်းပခဲ့သည်။
လာအိုနိုင်ငံသည် မြန်မာ၊ ကမ္ဘောဒီးယား နိုင်ငံတို့နှင့်အတူ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လတွင် အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ ထိုအချိန်က ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဖြစ်သည့် မင်းသား နိုရွန်ဒွန် ရာနာရစ် ပြည်ပခရီးစဉ် သွားရောက်နေစဉ် ဟွန်ဆန်က အာဏာသိမ်းခဲ့သည့်အတွက် ကမ္ဘောဒီးယားကို အာဆီယံက ခေတ္တဆိုင်းငံ့ခဲ့ပြီး ၁၉၉၉ ခုနှစ် ဧပြီလ ၃၀ ရက်မှ အဖွဲ့ဝင်နိုင်ငံ အဖြစ် ခွင့်ပြုခဲ့သည်။
အာဆီယံ အနေဖြင့် ၁၉၉၇ ခုနှစ် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် အာဏာသိမ်းမှုကို အလွတ်သဘော သီးသန့် တုံ့ပြန်နိုင်ရန် ယင်းအချိန်က အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမည့် ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံတို့ဖြင့် “ထရွိုက်ကာ ယန္တရား” ကို စတင်ကျင့်သုံးခဲ့ရာ ယခုမြန်မာ့အရေး ကိစ္စပါဆိုလျှင် (၂) ကြိမ်တိုင် ရှိပြီဖြစ်သည်။
သို့သော် “ထရွိုက်ကာ ယန္တရား” အတွက် အကိုးအကား စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ဖြစ်သည့် လုပ်ငန်းဆိုင်ရာ သဘောတူညီချက် (Terms of Reference) ကိုမူ ၂၀၀၀ ပြည့်နှစ်ရောက်မှ အတည်ပြုနိုင်ခဲ့သည်။
ထိုလုပ်ငန်းဆိုင်ရာ သဘောတူညီချက်ထဲတွင် ယခင်၊ လက်ရှိနှင့် အနာဂတ် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည့် နိုင်ငံများ ပါဝင်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဖွဲ့စည်းပုံကိုလည်း အခြေအနေအရ ပြုပြင်ပြောင်းလဲရန် လိုအပ်လာလျှင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ သဘောဆန္ဒခံယူ၍ ပြုပြင်ပြောင်းလဲနိုင်ကြောင်း သိရသည်။
ထို “ထရွိုက်ကာ ယန္တရား” ၏ လုပ်ငန်းဆိုင်ရာ သဘောတူညီချက် ဖြစ်လာခြင်းသည်လည်း အရှေ့တီမောတွင် ၁၉၉၉ ခုနှစ် လွတ်လပ်ရေး ဆန္ဒခံယူပွဲအပြီး ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကို ရပ်တန့်အောင် မစွမ်းဆောင်နိုင်ခြင်း အပေါ် နိုင်ငံတကာ၏ ဝေဖန်မှုအား တုံ့ပြန်ရန်အတွက် အာဆီယံအဖွဲ့က အကောင် အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
“ထရွိုက်ကာ ယန္တရား” သည် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေသော အခြေအနေများတွင် အာဆီယံ က စုပေါင်းလုပ်ဆောင်ရန် လိုအပ်လာလျှင် အသုံးပြုသည့် အထူးအဖွဲ့တစ်ခုလည်း ဖြစ်သည်။
သို့သော် “အာဆီယံ ထရွိုက်ကာ” ၏ အခန်းကဏ္ဍမှာ အထူးအဖွဲ့အနေဖြင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို ကူညီပေးရန်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချသော အဖွဲ့ မဟုတ်သလို အာဆီယံ၏ ‘အဖွဲ့ဝင်အားလုံး သဘောတူညီရမည်’ ဆိုခြင်းနှင့် ‘ဝင်ရောက် မစွက်ဖက်ရ’ ဆိုသည့် အခြေခံမူများကိုလည်း “ထရွိုက်ကာ ယန္တရား” ထဲ၌ ထည့်သွင်း ထားကြောင်း သိရသည်။
အလားတူ (၄၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သော “ထရွိုက်ကာ ယန္တရား” နှင့် ပတ်သက်၍ မည်ကဲ့သို့ လုပ်ဆောင်မည်ကို အာဆီယံက အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိသလို ယခင်က သဘောတူ ထားသည့် အချက် ၅ ချက်နှင့်အညီ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန်သာ ကြိုးပမ်းနေသည်။
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည် သုံးသပ် ဆုံးဖြတ်ချက်များကိုလည်း စစ်ကောင်စီက ကန့်ကွက်ခဲ့သည်။
အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ် (၅) ပါ”အခွင့်အရေး နှင့် တာဝန်ဝတ္တရား” မူနှင့် သွေဖည်လျက် မြန်မာနိုင်ငံ၏ အခွင့်အရေးဖြစ်သည့် တန်းတူရည်တူ ကိုယ်စားပြုမှုအား ငြင်းပယ်ခဲ့သဖြင့် အဆိုပါအာဆီယံ ထိပ်သီးအစည်းအဝေးကို မတက်ရောက်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက တုံ့ပြန်ခဲ့သည်။
ယင်းအပြင် အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရန်လည်း ထပ်မံ သတိပေးသည်ဟု စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။
အာဆီယံအနေဖြင့် လက်ရှိအချိန်ထိ စစ်ကောင်စီကို အပြစ်တင်၊ တိုက်တွန်း စသည့် ကြေညာချက်များကိုသာ ထပ်တလဲလဲ ထုတ်ပြန်နေပြီး လက်တွေ့အရေးပါသော ဆောင်ရွက်ချက်များ တစ်ခုမှ မရှိသေးကြောင်း တွေ့ရှိရသည်။
ဤသည်မှာ အာဆီယံနိုင်ငံများအတွင်း ကိုယ့်ဦးတည်ချက်နှင့်ကိုယ် သွားနေကြခြင်း ကြောင့် ဖြစ်သည်။
အာဆီယံ ဥက္ကဋ္ဌ သစ် လာအို နှင့် ထရွိုက်ကာ ယန္တရား
===========
လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌသစ် ဖြစ်လာသော လာအိုနိုင်ငံသည် မြန်မာ့အရေးနှင့် ပတ်သက်၍ ယခင် အလှည့်ကျ ဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှားထက် စစ်ကောင်စီနှင့် ဆွေးနွေးရန် ပိုတက်ကြွနေသလို တရုတ်လွှမ်းမိုး မှုရှိသော နိုင်ငံလည်း ဖြစ်သည်ဟု စောင့်ကြည့်သူများက ယူဆပြောဆိုကြသည်။
ထို့ကြောင့် ဥက္ကဋ္ဌသစ် လာအို အတွက် တရုတ်နှင့် ဖြစ်ပွားနေသော တောင်တရုတ် ပင်လယ် တင်းမာမှု နှင့် မြန်မာ့ ပဋိပက္ခသည် ၎င်းကို အခက်တွေ့စေနိုင်သည့် စိန်ခေါ်မှုများ ဖြစ်ကြောင်း သုံးသပ်ကြသည်။
တရုတ်သည် ကမ္ဘာ့ အရေးပါဆုံး ရေလမ်းကြောင်းများထဲက တခုဖြစ်သည့် တောင်တရုတ် ပင်လယ်၏ အချုပ်အခြာ အာဏာကို ရယူလိုမှုကြောင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်၊ ဘရူနိုင်း တို့နှင့် ရေပိုင်နက်၊ ရေသယံဇာတ ဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားနေကြောင်း AP သတင်းဌာနကလည်း ရေးထားသည်။
အာဆီယံတွင် တရုတ်ဘက်က ရပ်တည်လေ့ရှိပြီး စစ်ကောင်စီနှင့် ဆက်ဆံရေး ကောင်းမွန်နေသော လာအိုနိုင်ငံ အနေဖြင့် အာဆီယံ ခေါင်းဆောင်များကြား သဘောတူညီမှုရရှိခဲ့သည့် “ထရွိုက်ကာ ယန္တရား”ကို ၎င်းသက်တမ်း အတွင်း ကျင့်သုံး မည်လား၊ မြန်မာ့အရေး အပြောင်းအလဲ ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်မည်လား ဆိုသည်ကိုတော့ စောင့်ကြည့်ရမည် ဖြစ်ပါသည်။
#အာဆီယံဥက္ကဋ္ဌသစ်လာအို #ထရွိုက်ကာယန္တရား #မြန်မာ့အရေး #သတင်းဆောင်းပါး #Ayeyarwaddy_Times