
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက်တွင်နေထိုင်သည့် လူငယ်အမျိုးသားတစ်ဦးကို တော်လှန်ရေးအဖွဲ့အား ထောက်ပို့ပြုလုပ်နေသည်ဟုအကြောင်းပြ၍ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဒေသခံများထံကသိရသည်။
ဖမ်းဆီးခံရသူသည် အသက် ၂၅ နှစ်အရွယ်ဝန်းကျင်ရှိ ကိုလှိုင်မင်းသူ ဖြစ်ပြီး တော်လှန်ရေးအဖွဲ့များအား ထောက်ပို့ပြုလုပ်သည်ဟု စွပ်စွဲ၍ စစ်ကောင်စီတပ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ နေအိမ်သို့ ဇန်နဝါရီလ၂၃ ရက်နေ့ ညပိုင်းက လာရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံကသိရသည်။
“သူ့ကို ရှာနေတာ တစ်ပတ်လောက်ရှိနေပြီတော့ပြောသံကြားတယ်။ အခုမှလူကိုဖမ်းမိတာပေါ့။ သူတို့မိသားစုဝင်တွေကတော့ရှောင်နေကြတယ်”ဟု ရွှေတောင်စုရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် ကိုလှိုင်မင်းသူမှာ လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်သွယ်ပြတ်တောက်နေကြောင်း သိရသည်။
“အဖမ်းခံရတဲ့နေ့ကစပြီး အဆက်အသွယ်မရသေးဘူး။အခြေအနေမသိရဘူးဖြစ်နေတယ်။ ရဲစခန်းနဲ့ပက်သက်တဲ့သူတွေကို လိုက်စုံစမ်းတော့ ရဲစခန်းမှာအချုပ်ခံရပြီးတော့စစ်ကြောရေးပြုလုပ်နေတာပဲသိရတယ်”ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
အလားတူစစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသူ ကိုလှိုင်မျိူးသူကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၀(ဃ)ဖြင့်အမှုဖွင့်တရားစွဲဆိုထားကြောင်း ကြံခင်းမြို့နယ်ရဲစခန်းနှင့်နီးစပ်သည့် ရဲသတင်းရင်းမြစ်များထံကသိရသည်။
ကြံခင်းမြို့နယ်တွင်မြို့ပေါ်ရပ်ကွက်များနှင့် ပိန္နဲကွင်း ၊သရက်ပင်ကွင်းနှင့် လယ်ကြီးကွင်းစသည့်မြို့အနီးရှိကျေးရွာများသို့ တော်လှန်ရေးအဖွဲ့များအဝင်အထွက် ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဇန်နဝါရီလတတိယအပတ်ကစပြီး ညစဉ်ကင်းလှည့်နေကြောင်း ဒေသခံများထံကသိရသည်။
#ကြံခင်း #ဒေသခံလူငယ် #စစ်ကောင်စီဖမ်းဆီး #အကြမ်းဖက်ပုဒ်မ၅၀ဃ #Ayeyarwaddy_Times