ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်

စစ်ကောင်စီက အမေရိကန်ဒေါ်လာအပေါ်မှီခိုနေရမှုများလျော့ချနိုင်ရေးအတွက် မြန်မာ -အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရာတွင် ကျပ်နှင့်ရူးပီးတိုက်ရိုက်ငွေချေးမှုကို ဖေဖော်ဝါရီလမှ စတင်၍ ပေးချေနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၏ ပြေားကြားချက်အရ သိရသည်။

မြန်မာနှင့်အိန္ဒိယနိုင်ငံရှိ ဘဏ်တချို့ကနေ၍ နှစ်နိုင်ငံငွေပေးချမှု စတင်မည်ဖြစ်ပြီး ကုန်သွယ်မှုအတွက် ငွေပေးချေရာတွင် Special Rupee Vostro Account ( SRVS) အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်ခြင်းဖြင့် အိန္ဒိယနိုင်ငံမှ အဓိကတင်သွင်းနေသည့် ဆေးဝါးနှင့် ကုန်စည် များအတွက် ပေးချေရသော အမေရိကန်ဒေါ်လာ လိုအပ်ချက် လျော့နည်းသွားမည်ဖြစ်ပြီး ကုန်သွယ်ရာတွင် ငွေပေးချေမှုပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဆိုသည်။

“ ဗမာကျပ်ငွေကြေးကနိမ့်နေတော့ ဘတ်နဲ့ကျပ်လဲလည်းကျပ်ပိုပေးရတယ်။ ရူပီနဲ့လဲ လည်းကျပ်ပိုပေးရတယ်။ အဲဒီတော့ဘယ်ငွေကြးပဲဖြစ်ဖြစ် ဗမာငွေကျပ်ကနစ်နာတယ်” ဟု ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကျပ်နှင့်ရူပီး ပေးချေရန်အတွက် UAB ဘဏ်၊ CB ဘဏ်အပါအဝင် အိန္ဒိယနိုင်ငံရှိ Punjab National ဘဏ် တို့ပါဝင်ကြောင်းသိရသည်။

ထို့ပြင် နှစ်နိုင်ငံကုန်သွယ်ရာတွင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်လွယ်ကူစေမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ – အိန္ဒိယကုန်သွယ်မှုလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် သုည ဒသမ ၉၂ ရာခိုင်နှုန်းသာရှိပြီး ထိုင်းနှင့် တရုတ်နိုင်ငံတို့ထက် ကုန်သွယ်မှု နည်းပါးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်သွယ်ရေးဝန်ကြီးဌာန (၂၀၂၀ ပြည့်နှစ် ) စာရင်းများအရသိရသည်။

အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများတွင် ကုလားတန်မြစ်ဘက်စုံစီမံကိန်းနှင့် အိန္ဒိယ – မြန်မာ – ထိုင်းသုံးနိုင်ငံ အဝေး ပြေးလမ်းမစီမံကိန်းဖြစ်ပြီး မိုရေး – တမူး မဲဆောက်အထိ ကီလိုမီတာ ၁,၄၀၀ ရှည်လျားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံက အိမ်နီးချင်းနိုင်ငံများနှင့်ကုန်သွယ်ရာတွင် ထိုင်းဘတ်၊ တရုတ်ယွမ် တို့နှင့် ကျပ်ငွေ တိုက်ရိုက်လဲလှယ်နေပြီး ဘင်္ဂလာဒေ့ရှ် ဒါကာ၊ ရုရှား ရူဘယ်တို့ဖြင့် ကျပ်ငွေ တိုက်ရိုက်လဲလှယ်နိုင်ရန်အတွက် စစ်ကောင်စီက ကြိုးစားနေကြောင်းသိရသည်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုင်းရင်သား တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုများ ဖြစ်ပွားနေ၍ မြန်မာ – အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းများ ပိတ်ထားရသည့်အပြင် ကုလားတန်မြစ်ဘက်စုံစီမံကိန်းတည်ရှိရာ ပလက်၀ ဒေသကိုလည်း ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#အိန္ဒိယမြန်မာ #ရူပီကျပ်ငွေတိုက်ရိုက်လဲ #ကုန်သွယ်ရေး #Ayeyarwaddy_Times