နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင်းတလျက် ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘ၀တူညီနောင် မဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည်ဖြစ်၍ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့ စစ်များဘက်ကူးပြောင်းရန် အလေးအနက်တိုက်တွန်းကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) က ထုတ်ပြန်ထားသည်။

PNLO အနေဖြင့် စစ်တပ်ဩဇာညောင်းသော ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု အခင်း အကျင်းတွင် ၈ နှစ်တိုင်တိုင် မျှော်လင့်ချက်ကြီးစွာဖြင့် စိတ်ရောကိုယ်ပါ ပါဝင် လုပ်ဆောင်ခဲ့သော်လည်း အာမခံချက်ရှိသော နိုင်ငံရေးရလဒ်များ ရရှိခြင်းမရှိခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မဟာမိတ်တွေနဲ့အတူ လူထုလိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီရအောင် လက်တွဲပြီ ပေါ့နော်၊ စစ်ကောင်စီကို တွန်းလှန်တိုက်ထုတ်သွားမယ်” ဟု PNLA စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

ယခုဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခသည် လူမျိုးရေး ပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို လည်ပတ်စေသူ လူတစ်စုနှင့် အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးများ၊ တစ်ပြည်လုံးရှိ ပြည်သူလူထူတို့အကြား ဖြစ်ပွားသော ပဋိပက္ခသာဖြစ်ပြီး လက်ရှိစစ်ရေးပဋိပက္ခတွင် ပအိုဝ်းအမျိုးသားအချင်းအချင်း အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခြင်းကို ပြုလုပ်မည်မဟုတ်ကြောင်း PNLO ထံက သိရသည်။

ယင်းအပြင် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအောက်တွင် ရပ်တည်နေသော ပအိုဝ်းအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့ (PNO အသွင်ပြောင်းပအိုဝ်းပြည်သူ့စစ်) အနေဖြင့်အမျိုးသား လွတ်မြောက်ရေး လမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ရန်၊ ပအိုဝ်းအမျိုးသား ပြည်သူများအနေဖြင့်လည်း မိမိတို့ အမျိုးသားအခွင့်အရေးများ ပေါ်ထွန်းလာရေးအတွက် PNLO နှင့်အတူ ပူးပေါင်းပါဝင်ပေးကြရန် လေးနက်စွာ တိုက်တွန်းကြောင်း အသိပေး ထုတ်ပြန်ထား သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ် မြောက်ဘက် မဲနယ်တောင်ရှိရာ စကားဒေသ၊ စံဖူးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က PNLA တပ်ဖွဲ့၀င်များ၏ ကားငါးစီးပါ ယာဉ်တန်းကို အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ၎င်း လက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူစစ်(PNO) က ပိတ်ဆို့တားဆီးရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်မီးဆက်မကူးစေရန်အတွက် နှစ်ဖက်ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိ ခဲ့သလို ဇန်နဝါရီ ၂၂ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ PNLO ဗဟိုဌာနချုပ်ရှိရာ နော်ထော်ကျေးရွာသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှ အစပြု၍ ယခုအခါ ဆီဆိုင်မြို့ပေါ်အထိ တိုက်ပွဲများ ကူးစက် သွားရ ခြင်း ဖြစ်ပြီး PNLO အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးချိန်မှစ၍ စာချုပ်ပါအချက်များကို လေးစားလိုက်နာမှု အရှိဆုံးဖြစ်သည်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူများ အသိဆုံးဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်မှစတင်၍ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရှိ စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူစစ် PNO တို့၏ တပ်စခန်း လေးခု၊ ဆီဆိုင်ရဲစခန်း၊ ခမရ-၄၂၄ တပ်ရင်း စသည်တို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးတပ်မတော်(PNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် ဆီဆိုင်မြို့ကို ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ- PNLO/PNLA

#စစ်ကောင်စီ #ညီနောင်မဟာမိတ်များ #လက်တွဲတိုက်ခိုက် #စစ်တပ်လက်အောက်ခံ #ပအိုဝ်းပြည်သူ့စစ်များ #ဘက်ကူးပြောင်း #NLOတိုက်တွန်း #Ayeyarwaddy_Times