ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဇန်နဝါရီ ၂၇ ရက်

ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့က ကရင်နီပြည်နယ် တရားရုံးချုပ်၏ ပြည်နယ်တရားသူကြီးချုပ်အဖြစ် ခူးပိုးရယ် နှင့် ကရင်နီပြည်နယ် တရားရုံးချုပ်၏ ပြည်နယ်တရားသူကြီးအဖြစ် ခွန်းမားရ် တို့ နှစ်ဦးကို ခန့်အပ် တာဝန်ပေးထားပြီး မျှမျှတတဖြင့် တရားစီရင်နိုင်သည့် တရားစီရင်ရေး မဏ္ဍိုင်ဖော်ဆောင်လျှက်ရှိကြောင်း ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ထံက သိရသည်။

ကရင်နီ ပြည်နယ်၏ တရားသူကြီးချုပ်နှင့် တရားသူကြီးအဖွဲ့၀င်များကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)မှ တရားသူကြီး ရွေးချယ်ရေးကော်မရှင်အဖွဲ့ကို ဖွဲ့စည်း ပေးထားပြီး အဆိုပါကော်မရှင်အဖွဲ့မှ သင့်လျော်သည့် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားသူကြီးများကိုရွေးချယ်ကာ ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်မှ အတည်ပြုချက်ပေးကာခန့်အပ်ထားခြင်း ဖြစ်သည်။

“တရားစီရင်ရေးကဏ္ဍကတော့ လွတ်လပ်တဲ့တရားစီရင်ရေးမဏ္ဍိုင် တနည်းအားဖြင့် အုပ်ချုပ်ရေးဝါဒအောက်က လွတ်ကင်းပြီး မျှမျှတတနဲ့ တရားစီရင်နိုင်တဲ့ တရားစီရင်ရေးမဏ္ဍိုင် တစ်ခုအဖြစ် ကျွန်တော်တို့စတင် အကောင်ထည်ဖော် ဆောင်ရွက်နေပါပြီ” ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အာဏာသိမ်းပြီးကာလ ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးထားသည့် အကျဉ်းသားများကိုလည်း တရားစီရင်ရေး မဏ္ဍိုင်မှ ကရင်နီပြည်ရှိ တည်ဆဲဥပဒေများ၊ အသုံးပြုနေသည့် ဥပဒေများကို အခြေပြုကာ တရားစီရင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

“အကျဉ်းသားတွေက အမျိုးမျိုးပေါ့နော်၊ ရာဇ၀တ်မှုကျူးလွန်တဲ့ အကျဥ်းသား တွေရှိမယ်။ အခြားသော အကြောင်းအရာတွေကြောင့် ဖမ်းဆီးထား‌တဲ့အကျဉ်းသား တွေရှိမယ်။ ဒီဟာကို တရားစီရင်ရေး မဏ္ဍိုင် ကနေပြီးတော့မှ တည်ဆဲသော အချို့သော ဥပဒေတွေကိုကိုးကားပြီးမှသော်လည်းကောင်း၊ အချို့သော ကရင်နီပြည်မှာရှိပြီးသား ဥပဒေတွေကို အခြေပြု ပြီးမှသော်လည်းကောင်း တရားစီရင်ရေး လုပ်ငန်းတွေကို ဆက်လုပ်သွားမယ်ပေါ့နော်။ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကျခံဖို့အတွက် မျှတတဲ့ တရားစီရင်မှုတွေကို တရားစီရင်ရေးမဏ္ဍိုင် ဘက်ကဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ဆက်လက်ပြောကြားသည်။

ကရင်နီပြည်နယ်တွင် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)သည် ပြည်နယ်အစိုးရ တစ်ရပ်အနေဖြင့် ပြည်နယ်ရေးရာဌာန ၁၂ ခုထားရှိရန်ရည်ရွယ်ထားပြီး ယခုအခါ တရားစီရင်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူသားချင်း စာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ အခွန်ဘဏ္ဍာစီမံဌာန၊ အမျိုးသမီးနှင့် ကလေးရေးရာဌာန ဟူ၍ ဌာန ခုနစ်ခုကို ဖွဲ့စည်းထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – IEC
ပုံစာ – အသစ်ခန့်အပ်လိုက်သည့် ကရင်နီပြည်နယ် ပြည်နယ်တရားသူကြီးချုပ်ခူးပိုးရယ်
#ကရင်နီ #IEC #တရားစီရင်ရေးဌာန #တရားသူကြီးခန့်အပ် #မျှမျှတတတရားစီရင် #တရားစီရင်ရေးမဏ္ဍိုင် #Ayeyarwaddy_Times