နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသည့်အပြင် မြေပြင်ကပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် မြို့နယ်အတွင်းပြန်လည်ဝင်ရောက်နေထိုင်နေသည့် ဒေသခံများ ပိတ်မိနေကြောင်းသိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ ခန့်တွင် တစ်ကြိမ်၊ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁ နာရီ၊ ၅ နာရီနှင့် ၁၀ နာရီခန့်တို့တွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အပြင် အဝေးကနေ၍ တာဝေးပစ် ဟောင်ဝစ်ဇာ လက်နက်ကြီးများ ၈၁-မမ လက်နက်ကြီးများ ၆၀-မမ လက်နက်ကြီးများဖြင့် ကော့ကရိတ်မြို့တွင်းသို့ ပစ်ခတ်နေကြောင်း ဒေသခံများထံက သိရသည်။

“ကော့ကရိတ်မြို့ကို အလုံးစုံပျက်စီးအောင် စစ်ကောင်စီက တိုက်ခိုက်နေတယ်။ မနေ့က Y-Y12. Military Transport လေယာဥ် နှစ်စီးနဲ့ ၈၀-မမ၊ ၆၀-မမ ဗုံးသီးတွေနဲ့လာကြဲချတယ်။ အဝေးကနေလည်း တာဝေးပစ် ဟောင်ဝစ်ဇာလက်နက် ကြီးတွေနဲ့ ပစ်ခတ်တာ တွေလုပ်ဆောင်နေတယ်။ ဒီမနက်မှာလည်း အဲ့ဒီလေယာဉ် နှစ်စီးနဲ့ပဲ ဗုံးလာကြဲချနေတယ်” ဟု မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် ကော့ကရိတ်မြို့တွင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့် ပုံစံ ဖန်တီးဖော် ဆောင်နေပြီး လေယာဥ်ဖြင့်ဗုံးကြဲခြင်း၊ အဝေးကနေ၍ တာဝေးပစ် လက်နက် ကြီးများဖြင့် ပစ်ခတ်နေခြင်းတို့ကြောင့် ကော့ကရိတ်မြို့နယ်အတွင်း ပြန်လည် ဝင်ရောက် နေထိုင်ကြသည့် ဒေသခံများပိတ်မိနေပြီး ပြန်လည်ကယ်ထုတ်နိုင်ရေးကို ဆောင်ရွက် နေကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီတပ်နှင့်ကျားဖြူစစ်ကြောင်းတို့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ဇန်နဝါရီ ၂၆ ရက်နေ့အထိ ၅ ရက်ကြာတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံး၍ အများအပြား ဒဏ်ရာရရှိခဲ့ကာ ကျားဖြူစစ်ကြောင်းမှ တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်း အဖြစ်အသုံးပြုနေ၍ မေးမြန်းစုံစမ်းခြင်းမရှိဘဲ ကော့ကရိတ်မြို့အတွင်းသို့ ပြန်မလာရန်နှင့် လုံခြုံဘေးကင်းသည့် နေရာများတွင် ပြောင်းရွေ့နေထိုင်ကြရန် ကျားဖြူတပ်ခွဲ (၄) က အသိပေးထားသည်။

#ကော့ကရိတ် #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက် #ဒေသခံများပိတ်မိ #Ayeyarwaddy_Times