ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၇ ရက်

နိုင်ငံတော်အာဏာသိမ်းယူထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့ တွင် စစ်ကောင်စီတပ်စခန်းများနှင့် မြို့နယ်များ လက်လွှတ်ခဲ့ရပြီးနောက် ဇန်နဝါရီလ ၂၆ ရက်နေ့က ပြုလုပ်သည့် အစည်းဝေးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ ဥပဒေပြင်ပမှ ကြိုးစားနေခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင်ပြုလုပ်သည့် အစည်းဝေးတွင် ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

” ခုဖြစ်နေတဲ့ ပြဿနာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်ဒေသများရရှိအောင် ဥပဒေပြင်ပက တောင်းဆိုနေတာကြောင့် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဥပဒေ၊ စည်းကမ်း တွေနဲ့အညီ လုပ်ဆောင်ဖို့ လိုသေးတယ်”ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြည်နယ်များရရှိနိုင်ဖို့ နိုင်ငံရေးအရ ဆွေးနွေးကာ လွှတ်တော်မှအတည်ပြုပေးဖို့လိုအပ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

ထို့သို့ လွှတ်တော်မှ အတည်ပြုပေးနိုင်ဖို့အတွက် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အများစုနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအများစုကို စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထောင်ချခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်စခန်းများနှင့် မြို့များသိမ်းယူပြီးနောက်ပိုင်း တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက သိမ်းယူထားသည့် မြို့နယ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အာဏာသိမ်း #ဒီမိုကရေစီ #ကိုယ်ပိုင်အုပ်ချုပ်ခွင့် #ဥပဒေပြင်ပ #Ayeyarwaddy_Times