
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်
လက်ရှိ စိုက်ပျိုးရေးတောင်သူများ သုံးစွဲနေသည့် ပေါင်းသတ်ဆေးများအနက် Atrazine, Fomesafen, S- metolachlor, Terbuthlylazine, Mesotrione ပေါင်းသတ်ဆေး ငါးမျိုးသည် မြေဩဇာနှင့်လူ့ကျန်းမာရေးထိခိုက်စေသဖြင့် တားမြစ်ပိုး သတ်ဈေးအဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ထုတ်ပြန်သည်။
တားမြစ်ပိုး သတ်ဈေးအဖြစ်သတ်မှတ်လိုက်သည့် အဆိုပါ ပေါင်းသတ်ဆေး ငါးမျိုးကို ဇန်နဝါရီ ၁ ရက် ၂၀၂၅ ခုနှစ်မှစတင်ပြီး တားမြစ်ပိတ်ပင်သောပိုးသတ်ဆေး (Banned Pesticide ) အဖြစ်သတ်မှတ်လိုက်ပြီး ဆက်လက်အသုံးပြုနေသည်ကို တွေ့ရှိလျှင် ပိုးသတ် ဆေးဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံက သိရသည်။
ထို့ပြင် ပေါင်းသတ်ဆေးများအတွက် တင်သွင်းထောက်ခံချက်ကို ဇွန်လ ၁ ရက်နေ့ အထိသာ ပေးမည်ဖြစ်ပြီး ပိုးသတ်ဆေးလုပ်ငန်းရှင်များက ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချနေသော ပစ္စည်းများကို အပြီးရုပ်သိမ်းရ မည်ဖြစ်ကြောင်းပါဝင်သည်။
“ပေါင်းသတ်ဆေး အမျိုးအစားတွေက အများကြီး သူ့ဒေသနဲ့သူ သုံးစွဲတာမတူကြဘူး။ မြက်ပေါတဲ့နေရာဆို တစ်မျိုး။ တောင်ပေါ်ဒေသဆို တစ်မျိုးပဲသုံးကြတယ်။ မတူဘူး။ သတိထားပြီးတော့သုံးတာပဲ ” ဟု ဧရာဝတီတိုင်းရှိ တောင်သူတစ်ဦးက ပြောသည်။
ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က တားမြစ်လိုက်သည့် ပေါင်းသတ်ဆေးတွင် မြေကြီး ပေါ်ဖျန်းရသည့် ပေါင်းစင်( Atrazine) ၊ အပင်ပေါက်မှ ဖျန်းရသည့်ဆေးပီကာ ( Fomesafen ) တို့ပါဝင်ကြောင်းသိရသည်။
လက်ရှိတောင်သူများသုံးစွဲနေသည့်ပေါင်းသတ်ဆေးများတွင် Glyphosate နှင့် Bispyribac – sodium က အန္တရာယ်ဖြစ်ရန်အလားအလာမရှိကြောင်း၊ Propanil နှင့် MCPA က အနည်းငယ်အန္တရာယ်ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က ထုတ်ပြန်သော အန္တရာယ်ရှိသည့် ပိုးသတ်ဆေးများ တားမြစ်ပိတ်ပင်ခြင်း အစီရင်ခံစာ ၂၀၂၁ တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ပိုးသတ်ဆေး ၃၀၀၀ ခန့်ရှိပြီး ၁၆၅ မျိုးသည် အန္တရာယ်မြင့်မားသော ပိုးသတ်ဆေးအဖြစ်သတ်မှတ်ခံရကြောင်း ယင်းအစီရင်ခံစာတွင် ပါဝင်သည်။
စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများဖြစ်သော ပေါင်းသတ်ဆေးအပါအဝင် ဓာတ်မြေဩဇာ၊ မှိုသတ်ဆေးများကို သုံးစွဲရာတွင် အန္တရာယ်ကင်းစေရန်လိုအပ်ပြီး စိုက်ပျိုးသီးနှံများတွင် ဓာတုဓာတ်ကြွင်းကင်းရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ဆိုထားသည်။
တားမြစ်ထားသည့် ပေါင်းသတ်ဆေးများကို တင်သွင်း၊ ရောင်းချ၊ သုံးစွဲပါက ပြစ်မှုကျူးလွန်ကြောင်းစီရင်ခံရလျှင် ထောင်ဒဏ်ငါးနှစ်ဖြစ်၊ ငွေဒဏ် ဆယ်သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း ပိုးသတ်ဆေးဥပဒေတွင် ပြဌာန်းထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပေါင်းသတ်ဆေးငါးမျိုး #မသုံးစွဲရန်တားမြစ် #Ayeyarwaddy_Times