ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သိမ်တောင်စစ်ကောင် စီစခန်းကို ရက္ခိုင့်တပ်တော် (AA) က ၀င်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ရမ်းဗြဲတစ်မြို့လုံးအနှံ့ လေကြောင်းမှ ဗုံးများကြဲချ လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့က စစ်ကောင်စီ၏ သိမ်တောင်စခန်းကုန်းကို AA က ၀င်ရောက်တိုက်ခိုက် ပြီးနောက် စစ်ကောင်စီသည် ယနေ့ ၂၆ ရက်နေ့ နံနက်ပိုင်းအထိ ပေါင် ၅၀၀ ဗုံးများအသုံးပြုကာ လေကြောင်းမှ‌ ဗုံးကြဲချ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံထံက သိရသည်။

“ကျွန်တော်တို့ ရမ်းဗြဲမြို့လေးက ဒုတိယပေါက်တော လိုဖြစ်သွားပြီ။ အပျက်အစီးကတော့ ငါးမရတွင်းဖျက် အစီအစဉ်နဲ့ကို ဆေးရုံရော၊ ဈေးရောသူတို့ရဲ့ မြို့မရဲစခန်းပါ မကျန်ဘူး ဗုံးကြဲနေတာ။ ဂျက်ဖိုက်တာ နဲ့ ၂၅ ရက်နေ့ ညကနေ ဒီမနက်အထိ ကြဲချနေတာ။ မြင်လို့တောင်မကောင်းဘူး တစ်မြို့လုံးမီးလောင်နေတာ” ဟု ရမ်းဗြဲမြို့နေ ဒေသခံတစ်ဦး က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ရမ်းဗြဲမြို့ပေါ်သို့ ဇန်နဝါရီ ၂၅ ရက်နေ့ တစ်ရက်တည်းတွင်ပင် လေကြောင်းမှ (၃၃) ကြိမ် စံချိန်တင်လာရောက်ပစ်ခတ်ခဲ့ကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သိမ်တောင်ခြေရင်းရှိ လောင်းချောင်းရပ်ကွက်နှင့် တောင်ဥက္ကလာရပ်ကွက်တို့အပြင် ရမ်းဗြဲမြို့မဈေးနှင့် မြို့လယ်ဈေးတို့တွင် မီးပြင်းထန်စွာ လောင်ကျွမ်းခဲ့ကြောင်း သိရ သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့ ညအချိန်တွင် စစ်ကောင်စီက ကြဲချခဲ့သည့်ဗုံးကြောင့် ရမ်းဗြဲမြို့အတွင်း တစ်ညလုံး မီးလောင်ကျွမ်းနေပြီး မီးမငြိမ်းနိုင်သေးခင် စစ်ကောင်စီက ထပ်မံ၍ လာရောက်ဗုံးကြဲခဲ့သည့် အတွက် မီးများအဆက်မပြတ်ပြင်းထန်စွာ လောင် ကျွမ်းခဲ့သည်ဟု ဆိုသည်။

မြေပြင်ထောက်ပို့ မရနိုင်တော့သည့် စစ်ကောင်စီက သိမ်တောင်စစ်စခန်းကုန်းသို့ ရဟတ်ယာဉ်များဖြင့် စစ်လက်နက်ပစ္စည်းများ လာရောက်ထောက်ပို့ပေး လျက်ရှိပြီး ရေကြောင်းမှလည်း လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ရမ်းဗြဲမြို့တစ်ခုလုံး ပျက်စီးဆုံးရှုံး သွားစေရန်ရည်ရွယ်ချက်ဖြင့် လေကြောင်းမှဗုံးကြဲ တိုက်ခိုက်မှုများကို ပြုလုပ်နေသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုထားသည်။

လက်ရှိတွင် သိမ်တောင်အနီး၀န်းကျင်၌သာ တိုက်ပွဲရှိသော်လည်း စစ်ကောင်စီက အောက်တန်းကျ ယုတ်မာသောနည်းလမ်းဖြင့် ရမ်းဗြဲမြို့အတွင်းသို့ Y-12 လေယာဉ်များ ကိုအသုံးပြုကာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချမှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို အဓိကပြုလုပ်၍ ရမ်းဗြဲမြို့ကို တစ်ဖတ်သတ် ဦးတည် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မဟာမိတ်အဖွဲ့က ပြောကြားထားသည်။

#ရခိုင် #ရမ်း‌ဗြဲ #စစ်ကောင်စီ #ပေါင်၅၀၀ဗုံးအသုံးပြုတိုက်ခိုက် #Ayeyarwaddy_Times