မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီက ဆီဆိုင်မြို့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/ PNLA) ဌာနချုပ်ကို ဗုံးများဖြင့် အဆက်မပြတ်ကြဲချ တိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ကစတင်၍ ဆီဆိုင်မြို့နယ် နောင်ထော်ရှိ စစ်ကောင်စီတပ် နှင့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO)၏ စခန်းလေးခုကို ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက် နေ့တွင် ဆီဆိုင်ရဲစခန်းကို ၀င်ရောက်တိုက်ခိုက်၍ ထပ်မံ သိမ်းပိုက်‌နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံက သိရ သည်။

“စစ်တပ်က တစ်မြို့လုံးကို ရစရာမရှိအောင် ဗုံးတွေပတ်ကြဲနေတာ။ မွေတော်ဘုရား အထဲကိုပါ ဗုံးတွေကျတယ်။ လက်နက်ကြီးတွေနဲ့ပါပစ်တယ်။ တိုက်လေယာဉ်တွေ ထောက်ပို့ယာဉ်တွေနဲ့ပါ ဗုံးလာကြဲနေတာ။ အခုပိတ်မိနေတဲ့သူတွေလည်း ရှိတယ်။ ပြေးတဲ့သူတွေလည်း ပြေးကုန်ပြီ” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

PNLA သည် ဆီဆိုင်အခြေစိုက် စစ်ကောင်စီ၏ ခမရ-၄၂၃ နှင့် ၄၂၄ တို့ကိုလည်း တပြိုင်နက်၀င် ရောက်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်နေ့ ညနေပိုင်းတွင် ဆီဆိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီသည် PNLO/PNLA ဌာနချုပ်ရှိရာ ရှမ်းတောင်၊ မောက်မယ်မြို့နယ်၊ ကဒူးဒေသနှင့် ဗန်းမတ်ကျေးရွာတို့ကိုပါ သွားရောက်၍ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့၏ ခမရ ၄၂၃ နှင့် ၄၂၄ တပ်မှမိသားစု၀င်များကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့ကတည်းက တောင်ကြီးမြို့သို့ ပြောင်းရွှေ့ပေးထားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၇) ဖယ်ခုံလက်အောက်ခံ ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃ နှင့် ၄၂၄ တပ်များသည် ရှမ်းမြောက် နမ့်ခမ်းတိုက်ပွဲတွင် တအာင်းတပ်မတော် (TNLA) နှင့်တိုက်ခိုက်ခဲ့ပြီး အထိနာလျက်ရှိသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်တိုက်ခိုက်ခဲ့သည့် မန့်ဝိန်းကြီး တိုက်ပွဲတွင်လည်း စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးခံထားရသည့်အတွက် စစ်ကောင်စီက ဆီဆိုင်မြို့တိုက်ပွဲတွင် ရှိသည့်အင်အားဖြင့် စစ်မျက်နှာဖွင့်ထားရခြင်း ဖြစ်ကြောင်း တပ်တွင်း သတင်းရင်း မြစ်ထံက သိရသည်။

လက်ရှိတွင် အထိနာပြီး မြို့ကိုလက်လွှတ်ခဲ့ရသည့် စစ်ကောင်စီက ဆီဆိုင်မြို့ကို ပေါင် ၅၀၀ ဗုံး၊ ဆင့်ကဲပေါက်ကွဲစေသည့် ကလပ်စမာဗုံးများအပါအ၀င် ဗုံးအလုံးပေါင်း ၁၀၀ ကျော်ဖြင့် ရွာလေးရွာ အပါအ၀င် ဆီဆိုင်မြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဌာနဆိုင်ရာ ရုံးများအပြင် စစ်ကောင်စီတပ်၏ ခမရ-၄၂၃၊ ၄၂၄ တပ်များအတွင်းကိုပါ ဗုံးများကြဲချ တိုက်ခိုက်လျက်ရှိ ကြောင်း PNLA ကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့က ဟိုပုံးမြို့နယ် မြောက်ဘက် မဲနယ်တောင်ရှိရာ စကားဒေသ၊ စံဖူးရွာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့၀င်များ၏ ကားငါးစီးပါ ယာဉ်တန်း ကို စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူစစ် (PNO) က ပိတ်ဆို့တားဆီးခဲ့သည်။

ထိုသို့တားဆီးရာမှစတင်၍ ရှမ်းပြည်တောင်ပိုင်းတွင်ပါ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားကာ စစ်ကောင်စီအတွက် စစ်မျက်နှာသစ်တစ်ခု ထပ်မံ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ပုံစာ- ဆီဆိုင်မြို့အတွင်း စကစမှဗုံးကြဲမှုကြောင့် ပျက်စီးနေပုံနှင့် PNLA တပ်ဖွဲ့၏ အလံစိုက်ထူထားမှု မြင်ကွင်း
#ရှမ်းပြည်နယ်တောင်ပိုင်း #ဆီဆိုင်မြို့ #PNLAထိန်းချုပ် #စစ်ကောင်စီ #တိုက်လေယာဉ် #ပေါင်၅၀၀ဗုံးကြဲချ #Ayeyarwaddy_Times