
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၆ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ ဂိတ်စခန်းကို တော်လှန် ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ဂိတ်စောင့် ရဲနှစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဂိတ်စခန်းကို ယမန်နေ့ ဇန်နဝါရီလ ၂၅ရက်နေ့ မွန်းလွဲ ၂ နာရီကျော်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဘေးလွတ်ရာကို ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။
“မနေ့က နေ့လယ် ၂နာရီမှာ ဝင်တိုက်ခိုက်ခဲ့တာ။ ဂိတ်မှာက စစ်သားတွေကော၊ ရဲတွေ ကော စုနေတာ။ ခရီးသွားတွေဆီက ဆက်ကြေးကောက်ခံနေတဲ့ဂိတ်ပါ။ ကျွန်တော်တို့ ဝင်တိုက်ခိုက်တဲ့အချိန်မှာ ရဲနှစ်ယောက် နေရာမှာပွဲချင်းပြီးသေသွားတယ်။ စစ်သား သုံးယောက်လည်း ပြင်းထန်ဒဏ်ရာတွေ ရသွားတယ်” ဟု ကြို့ပင်ကောက်မြို့နယ် PDF (၃၈၀၁) တပ်ခွဲ (၅) မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ကြို့ပင်ကောက်မြို့နယ် PDF (၃၈၀၁) တပ်ခွဲ (၃) တော်လှန်ရေး တပ်ဖွဲ့နှင့် ကြို့ပင်ကောက် HERO ပြောက်ကျား တပ်ဖွဲ့ ဝင်တို့ပူးပေါင်းတိုက်ခိုက်ခဲ့ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ကြိုးပင်ကောက်မြို့ အဝင် အထွက်နှင့် ကြို့ပင်ကောက် မြို့နယ်အတွင်းကို ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ- စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ရဲများ ဒေသခံများကို စစ်ဆေးနေစဉ်
#ကြို့ပင်ကောက်မြို့နယ် #စစ်ကောင်စီဂိတ်စခန်း #ဝင်ရောက်တိုက်ခိုက်ခံရ #ရဲတပ်ဖွဲ့ဝင်၂ဦးသေဆုံး #Ayeyarwaddy_Times