ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် ပင်စင်စား စစ်မှုထမ်းဟောင်းနှင့် ထောင်ဒဏ်ကျခံရ၍ စစ်တပ်မှ ထွက်ထားသူ (၆၀)ဦးထက်မနည်းကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ မြို့တွင်းလုံခြုံရေးအကြောင်းပြကာ ပြန်လည်တာဝန်ထမ်းဆောင်ခိုင်းနေကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က နှစ်နာရီကြာ အစည်းအဝေးခေါ်ယူခဲ့ကြောင်း မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့နှင့်နီးစပ်သူများထံကသိရသည်။

“ အင်အားပြန်စုဖို့အတွက် အစည်းအဝေးခေါ်တာ။ ပင်စင်စားထဲမှာ အသက် ၆၅နှစ်အရွယ်လောက်နဲ့ ထောင်အကျခံပြီးစစ်တပ်ကထွက်ထားတဲ့သူတွေပါ အကုန်အစဉ်းအဝေးတက်ခိုင်းတယ်။ ရပ်ကျေးအဖွဲ့တွေဆီကစာရင်းတောင်းတာဆိုတော့ မတက်မနေရပုံစံနဲ့အစည်းအဝေးခေါ်တဲ့သဘောပြောလို့ရတယ်။ မနက် ၁၀ နာရီကနေ နေ့လည် ၁နာရီအထိ နှစ်နာရီကြာတယ်။ မြို့ထဲမှာလည်းစစ်တပ်အင်အားနည်းနေတာကို ပြန်ဖြည့်ဖို့အတွက်လည်းပါတယ်။တော်တော်လေးကို ညှိနှိုင်းကြရတယ်”ဟု မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့နှင့် နီးစပ်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့အစည်းအဝေးခေါ်ယူခဲ့ပြီးနောက် အသက်၆၅နှစ်အရွယ် စစ်မှုထမ်းဟောင်း ပင်စင်စား (၂၅ )ဦးနှင့် စစ်တပ်မှထောင်ကျပြီး ထုတ်ပယ်ထားသူ သူ (၃၅)ဦးကို မြို့တွင်းလုံခြုံရေးနှင့် အရန်တပ်အင်အား ဖြည့်တင်းရန်အတွက် လက်မှတ်ထိုးခိုင်းကာ စာရင်းကောက်၍ တာဝန်ထမ်းဆောင်ခိုင်းကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် စစ်မှုထမ်းဟောင်းများထံကသိရသည်။

“ အစည်းအဝေးလာတက်တဲ့ပင်စင်စား ၂၅ ယာက်စလုံးကို တာဝန်ပြန်လည်ထမ်းဆောင်ပါ့မယ်ဆိုပြီးတော့ အတင်းလက်မှတ်ထိုးခိုင်းတယ်။ ထောင်ကျခံထားတဲ့သူတွေထဲက သန်သန်မာမာရှိတဲ့သူတွေလည်း လက်မှတ်ထိုးရတယ်။ လစာတွေလက်နက်တွေပြန်ပေးမယ်။အရန်တပ်အင်အားနဲ့ မြို့တွင်းလုံခြုံရေးဆိုပြီးတာဝန်ပြန်ထမ်းဆောင်ရတော့မယ်။ တာဝန်မထမ်းဆောင်ချင်တော့လို့ ပင်စင်ယူပါတယ်အခုက ပြန်ပြီးသေခိုင်းသလိုဖြစ်နေပြီ”ဟု အစည်းအဝေးတက်ရောက်ခဲ့သည့်စစ်မှုထမ်းဟောင်းတစ်ဦးကဆိုသည်။

အလားတူ မြန်အောင်မြို့ နယ်နှင့် ကပ်လျက်ရှိသည့် ကြံခင်းတွင်လည်း ရဲအင်အားလျော့နည်းနေမှုကြောင့် မြို့နယ်ရဲစခန်းအတွင်းသို့ စစ်ကောင်စီတပ်နှင့် ပျူစောထီး (ပြည်သူ့စစ်) အင်အား(၃၀ ) ကျော်ကို ရဲယူနီဖောင်းလှဲလယ်၍ အင်အားဖြည့်တင်းထားမှုများ ပြုလုပ်ခဲ့သည်။

#မြန်အောင် #စစ်မှုထမ်းဟောင်း #ထောင်ကျ #စစ်တပ်မှထုတ်ပယ် #တာဝန်ပြန်လည်ထမ်းဆောင်ခိုင်း #Ayeyarwaddy_Times