ဧရာဝတီတိုင်းမ်
(ဝေါ)၊ ဇန်နဝါရီ ၂၆ ရက်

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့တွင် အညာစုနှင့် အထက်ဝိုင်းပါတ် ကျေးရွာမှ ဒေသခံ ၂၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒေသခံများ အသုံးပြုနေသည့် တံတားတစ်စင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းမှာ အညာစုရွာမှ ပြန်လည်ထွက်ခွာချိန်တွင် အညာစုရွာမှ ၁၂ နှစ်အရွယ် မိန်းခလေးတစ်ဦးနှင့် အမျိုးသမီးသုံး ဦးအပါအဝင် အညာစုရွာသား ၂၂ ဦး၊ အထက်ဝိုင်းပါတ်ကျေးရွာသား ငါးဦးကို အမြန်လမ်းမိုင်တိုင်(၃၉) အနီးရှိ ဘောနက်ကြီးအခြေစိုက် အမှတ်(၉၀၁) အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်နှင့် အမြောက်တပ် အမတ-၂၀၅ တပ်ရင်း အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျန်နှစ်ဦးကိုမူ သူရဲသူမိန်ရဲစခန်းအတွင်း ဖမ်းဆီးထားကြောင်း သိရသည်။

“သူတို့ကစလာတည်းက ခရွဲ၊ချောင်းဝဘက်ကို ဒရုန်းနဲ့ချလာတာ။ အညာစုရွာကိုက လက်နက်ပစ်ဖောက် ဝင်လာပြီး‌ ဒေသခံတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာ။ ပြီးတော့ သုံးဘီးကားတွေဖြတ်လို့ရတဲ့ တံတားကိုလည်း မီးရှို့သွားတယ်။ နောက်ပြီးကျိုက်ထိုဘက်ကမ်းကိုလည်း လက်နက်ကြီးနဲ့ပစ်သွားတယ်” ဟု ဝေါမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အထက်ဝိုင်းပါတ်နှင့် အညာစုရွာများမှ ဒေသခံများကိုဖမ်းဆီးသွားသည့် စစ်ကြောင်းတွင် စစ်သားများ၊ ပျူစောထီးများ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ပြီး အထက်ဝိုင်းပါတ်၊ အောက်ဝိုင်းပါတ် ၊ အညာစု ရွာများကို သူပုန်နယ်မြေ ဟုခေါ်ဆိုတာ ကျေးရွာချင်းဆက် သစ်သားတံတားကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း ဝေါမြို့နယ် ၊ ပုဂံရွာ မှ ဒေသခံ ခြောက်ဦးကို မြစ်ကျိုးရဲစခန်း သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လေးဦးကို အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ကာ အသက် ၃၀ ဝန်းကျင်အမျိုးသမီးတစ်ဦးကို ဘောနက်ကြီးရှိ စစ်ကြောရေးစခန်းတစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

#ဝေါ #ဒေသခံ #ဖမ်းဆီးခံရ #တံတားမီးရှို့
#စစ်ကြောင်းထိုး #Ayeyarwaddy_Times