အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်

မလေးရှားနိုင်ငံ၊ ကာမရိုဟိုင်လဲန်းပြည်နယ်၊ ကန်ပုံရမ်ဂျာမြို့ရှိ စိုက်ပျိုးရေးခြံ တစ်ခုတွင် ဖြစ်ပွါးသည့် မြေပြိုမူကြောင့် ချင်းတိုင်းရင်းသား ငါးဦး သေဆုံးခဲ့ကြောင့် K’cho Ethnic Association Malaysia ထံမှ သိရှိရသည်။

ကန်ပုံရမ်ဂျာမြို့ရှိ စိုက်ပျိုးရေးခြံ တစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသည့် မင်းတပ်မြို့မှ ချင်းလူမျိုး ငါးဦးသည် ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်နေ့၊ ည ၈ နာရီခန့်တွင် မြေပြိုမူကြောင့် သေဆုံးခဲ့ပြီး ၎င်းတို့ အလောင်းများကို The Highland Chin Community အဖွဲ့နှင့် မလေးရှား အာဏာပိုင်အဖွဲ့တို့မှ ပူးပေါင်းရှာဖွေနေကြောင်း သိရသည်။

” မြေပြိုမူကြောင့် သေဆုံးတဲ့ လူတွေက မင်းတပ်ဘက်က ချင်းလူမျိုး မိသားစုဝင် သုံးဦးနဲ့ အတူနေတဲ့ နှစ်ယောက်၊ စုစုပေါင်း ငါးယောက်ဖြစ်ပါတယ်။ အလောင်းကို ဒီနေ့မနက် ၁၀ နာရီချိန်ထိ တစ်လောင်းဘဲ ရှာဖွေရသေးပါတယ်။ ကျန်တဲ့ အလောင်းတွေကို သက်ဆိုင်ရာ အဖွဲ့စည်းတွေက ရှာဖွေနေဆဲပါ” ဟု CEAM မှ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသည့် ချင်းလူမျိုး ၅ ဦးသည် ဦးရှိန်းလောဟာ၊ ဦးလောဟာဖေ၊ ဒေါ်အွမ်မြူး၊ ကိုထန်းမောင်းနှင့် ကိုကီးရှိန်းအွမ်တို့ သိရှိရပြီး ၎င်းတို့သည် ချင်းပြည်နယ်၊ မင်းတပ်မြို့ ဇာတိဖြစ်ကြသည်။

ယနေ့ မနက် မလေးရှား စံတော်ချိန် ၁၂ နာရီ ၄၀ မိနစ် အချိန်ထိ သေဆုံးသွားသည့် အလောင်းများကို ရှာဖွေတူးဖော်ရာတွင် ယောကျာ်းအလောင်း တစ်လောင်းသာ တွေ့ရှိသေးပြီး ကျန်ရှိသည့် လေးလောင်းကို The Highlang Chin Community အဖွဲ့နှင့် မလေးရှား အာဏာပိုင်အဖွဲ့တို့မှပူးပေါင်းရှာဖွေလျှက်ရှိသည်။

#မလေးရှား #မြေပြိုမူ #ချင်းလူမျိုး #၅ဦးသေဆုံး #မင်းတပ်မြို့ #ချင်းပြည်နယ် #Ayeyarwaddy_Times