ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ ဇန်နဝါရီ ၂၆ ရက်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ နတ်ကန်ရွာတွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်က ပြည်ခရိုင်တပ်ရင်း(၃၆၀၁ PPDF)တပ်ရင်း၊ တပ်ခွဲ-၁၊ တပ်ခွဲ-၂ ဧရာညီနောင်စစ်ကြောင်း က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား ၅၀ ဝန်းကျင်ပါ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ဇန်နဝါရီ ၂၃ နှင့် ၂၄ ရက်နေ့များတွင် နတ်ကန်ရွာ၊ ‌နတ်ရေတွင်းရွာနှင့် ညောင်ပင်ရွာများနေအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၄၃ လုံးမီးလောင်ကျွမ်းခဲ့ပြီး ယခုအခါ နတ်ရေတွင်းရွာတွင် စခန်းချနေထိုင်နေကြောင်းလည်း သိရသည်။

“ဒေသခံတွေကို လွတ်ရာပြောင်းရွှေ့ထားပေးနိုင်တယ်။ သူတို့(စစ်ကောင်စီ)က အခြားနေရာတွေမှာ ပိုခံရမှာစိုးတာရယ် သူတို့ဘက်က အကျအရှုံးများနေတာရယ် သူတို့စည်းရုံးနေတဲ့ ပြည်သူစစ်ဆိုပြီး ပျူဖွဲ့နေတာတွေ မရတာကြောင့် မနိုင် နိုင်ရာပြည်သူ့အိုးအိမ်တွေက်ို မီးလိုက်ရှို့နေကြတာပါ” ဟု (၃၆၀၁ PPDF)တပ်ရင်းဆက်သွယ်ရေး နှင့် သတင်းပြန်ကြားတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့နေသည့် အဆိုပါစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပေါင်းတည်မြို့နယ်အတွင်း လှည်လည်စစ်ကြောင်းထိုးကာ ရွာမီးရှို့မှုများကိုဆက်တိုက်လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း မအူကွင်းရွာကိုမီးရှို့ပြီးနောက် တောင်ခမောက်ရွာကို ထွက်လာသည့် အဆိုပါစစ်ကြောင်းမှာ ၎င်းတို့ကိုမိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် တောင်ခမောက်ရွာကို ဆက်လက်မီးရှို့ရာ နေအိမ် ၇၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတဝန်းတွင် နေအိမ် ၇၈၇၃၇ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး ၂၀၂၃ ခုနှစ်အတွင်း နေအိမ် ၃၀၂၇၄ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းနှင့် စစ်ကိုင်းတိုင်းတွင် မီးရှို့ခံရမှုအများဆုံးဖြစ်ကြောင်း Data for Myanmar ၏အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ – ပေးပို့။
#ပေါင်းတည် #နေအိမ်မီးရှို့ #စစ်ကောင်စီစစ်ကြောင်း #PPDF #Ayeyarwaddy_Times