
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် ထော်လာဂျီမောင်းနှင်သူများနှင့် သုံးဘီးဆိုင်ကယ် မောင်းသူများအား ဆိုင်ကယ်စီးဦးထုပ်မဆောင်းဟု အကြောင်းပြကာ ကာ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ငွေတောင်းနေကြောင်း ဒေသခံများထံက သိရသည်။
ယင်းကဲ့သို့ ဖမ်းဆီးငွေတောင်းမှုအတွက် ယာဉ်ထိန်းရဲများမပါဝင်ပဲ နယ်ရဲများက လိုက်လံဖမ်းဆီးငွေ
တောင်းနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ဇန်နဝါရီလ ပထမအပတ်ထဲမှာတင် ဖမ်းဆီးခံရတဲ့သူ (၃၀)ကျော်အထိရှိလာနေပြီ။ ဖမ်းဆီးခံရတဲ့သူတွေကို ကျပ်သုံးသောင်းခွဲကနေ ငါးသောင်းကျပ်အထိ တောင်းယူနေတာ။ယာဥ်ထိန်းရဲလည်းမပါဘူး ဂိတ်ချပြီးစစ်တာလည်းမဟုတ်ဘူး ထင်သလို တွေ့သလိုအနောက်ကလိုက်ပြီးဖမ်းနေတာ” ဟု ထော်လာဂျီ ယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းကဲ့သို့ ဖမ်းဆီးငွေတောင်းရာတွင် မအူပင်မြို့မရဲစခန်းမှ တပ်ကြပ်ကြီး ချစ်ကောင်းကအဆိုးဆုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နယ်စပ်ဒေသသို့ ရွှေ့ပြောင်းသွားရသည့် ရဲတပ်ဖွဲဝင်များကို ထောက်ပံ့ရန်အတွက် ယခုကဲ့သို့ ဖမ်းဆီးငွေတောင်းရခြင်း ဖြစ်ကြောင်း ဖမ်းခံရသူများထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများသည် ပြည်သူများကိုအကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးပြီး ငွေကြေးတောင်းယူမှုများ ပြုလုပ်နေကြသည်။
ဓာတ်ပုံ-မအူပင်မြို့နယ်ရဲစခန်း (ပုံဟောင်း)
#မအူပင်မြို့ #ထော်လာဂျီ #သုံးဘီးဆိုင်ကယ် #ဖမ်းဆီးငွေတောင်း #Ayeyarwaddy_Times