နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ချမ်းသာကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလွင်မောင်သည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စုဆောင်းမှုကို အတင်းအဓမ္မလုပ် ဆောင်နေခြင်းကြောင့် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့ ညပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

ပျူစောထီး အုပ်ချုပ်ရေးမှူးဆိုသူ ဦးလွင်မောင်သည် ပြည်သူ့စစ် လူအင်အားစုဆောင်းခြင်း၊ ကျေးရွာအတွင်းရှိ လူငယ်များကို အတင်းအဓမ္မ ခေါ်ယူကာ ပြည်သူ့စစ် သင်တန်းများ တက်ရောက်ခိုင်းခြင်းတို့ကို ပြုလုပ်နေသည့်အပြင် စစ်ကောင်စီတပ်နှင့် ပေါင်း၍ ဒေသခံများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေ၍ ယမန်နေ့ ည ၇နာရီ၃၀မိနစ် ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“မနေ့ညက သူနေထိုင်တဲ့ ချမ်းသာကုန်းကျေးရွာအုပ်စု သရက်ဖြူကန်ရွာမှာ ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့တာ။ သေနတ်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ်” ဟု သာယာဝတီခရိုင် (၃၈၀၂) တပ်ခွဲ-၃ မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သာယာဝတီခရိုင် ဂဠုန် တပ်ဖွဲ့နှင့် သာယာဝတီခရိုင် (၃၈၀၂)တပ်ခွဲ-၃မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

ပြီးခဲ့သည့် ဇန်ဝါရီ ၉ ရက်နေ့နှင့် ၁၀ရက်နေ့များတွင် သာယာဝတီခရိုင် ၊ မင်းလှမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကို သာယာဝတီခရိုင် (၃၈၀၂) တပ်ဖွဲ့မှ သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အရာရှိအပါဝင် ကိုးဦးသေဆုံးခဲ့ပြီး ခြောက်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ- သာယာဝတီခရိုင် (၃၈၀၂) တပ်ခွဲ-၃
ပုံစာ-အုပ်ချုပ်ရေးမှုး ဦးလွင်မောင်
#သာယာ၀တီ #ပြည်သူ့စစ် #အဓမ္မလူသစ်စုဆောင်း #ချမ်းသာကုန်းကျေးရွာ #အုပ်ချုပ်ရေးမှူးအသတ်ခံရ #Ayeyarwaddy_Times