ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို ရက္ခိုင်တပ်တော် (AA) အလုံးစုံထိန်းချုပ် နိုင်ပြီဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့ ညပိုင်းက ထုတ်ပြန်သည့် ညီနောင်မဟာမိတ်အဖွဲ့၏ စစ်ရေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပေါက်တောမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ရက်နေ့ ကတည်းက ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသော်လည်း ပေါက်တောမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ကြောင်းကို ယမန်နေ့ညတွင် ညီနောင်မဟာမိတ် အဖွဲ့က တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က ချင်းပြည်နယ်၊ ပလက်ဝဒေသကို AA ကသိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယခု ပေါက်တောမြို့သည် AA အနေဖြင့် ရခိုင်ပြည်နယ်တွင် ပထဦးဆုံး ရရှိထိန်းချုပ်နိုင်သည့် မြို့ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ မင်းပြား၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ရမ်းဗြဲမြို့များတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီတပ်များကို နေရာအနှံ့ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း ရခိုင် ပြည်နယ်ကို ကုန်းကြောင်း၊ ရေကြောင်းများပါပိတ်ဆို့၍ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း များကိုပါ ဖြတ်တောက်ထားကြောင်းသိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် စစ်ကောင်စီ၏မြေပြင်ထောက်ပို့ လမ်းကြောင်းနှင့် ရေကြောင်းမှ ထောက်ပို့သည့် လမ်းကြောင်းများကို ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီအနေဖြင့် လေကြောင်းအသုံးပြုကာ ဒေသခံပြည်သူလူထုကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၄ရက်တစ်ရက်တည်းတွင်ပင် စစ်ကောင်စီက ရမ်းဗြဲမြို့ကို လေယာဥ်ဖြင့် (၃၃) ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးပေါင်းများစွာကြဲချခဲ့ သည့်အတွက် ရမ်းဗြဲမြို့ သိမ်တောင်အနီးရှိ တောင်ဥက္ကလာရပ်ကွက်၊ လောင်း ချောင်းရပ်ကွက်၊ ရမ်းဗြဲမြို့လယ်ဓမ္မာရုံအနီးဝန်းကျင်သို့ ဗုံးများကျရောက်ပေါက်ကွဲပြီး မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ရမ်းဗြဲ၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်တို့တွင် တိုက်ပွဲများ ပြင်းထန်လာသည့်အတွက် စစ်ကောင်စီက မြေပုံ၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်တို့တွင် အင်အားတိုးချဲ့၍ ခံစစ်ပြင်ထားကြောင်း သိရသည်။

ပုံစာ-ပလက်ဝဒေသကို AAသိမ်းပိုက်ထားစဥ်( ၂၀၂၃ ဇန်နဝါရီ ၁၄ )
#ပေါက်တောမြို့ #AA #အလုံးစုံထိန်းချုပ် #Ayeyarwaddy​_Times