
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က အကြမ်းဖက် ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ဗန်းမော်မြို့၊ ကမ်းနားလမ်းနှင့် မြေနုဈေးနားတွင် သွားလာနေသည့် ဒေသခံ ၉၀ ကျော်ကို ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက သေနတ်ပစ်ဖောက်၍ ဖမ်းဆီးသွားကြောင်း ဗန်းမော်ဒေသခံများထံက သိရသည်။
ထို့အပြင် ဗန်းမော်မြို့၊ ရွှေကျီးနားရပ်ကွက်နှင့် အနောက်ဘက်လမ်းရွာများကို ဆက်သွယ် ထားသည့် တာပိန်မြစ်ကူးတံတား စင့်ကင်ကိုလည်း စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေ(စစ်ခွေး)က အကြောင်းအရင်း မရှိ ဖမ်းဆီးတယ်။ ပြီးတော့ ကမ်းနားလမ်းမှာ အနားယူနေတဲ့သူတွေ၊ သုံးဘီးမောင်းသူတွေကိုရိုက်နှက်ပြီး ဖမ်းဆီးခံရသူတွေရဲ့ ဆိုင်ကယ်တွေကို ကားနှစ်စီးပေါ်တင်ပြီး တပ်ထဲထည့်သွားတယ်” ဟု ဗန်းမော်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယနေ့ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသူများအနက် အချို့ပြန်လည် လွတ်မြောက်လာသော်လည်း အများစုမှာဖမ်းဆီးခံထားရဆဲဖြစ်ပြီး လက်ရှိ တရုတ်တန်းတွင် ဖမ်းဆီးမှုများရှိနေ၍ ဈေးဆိုင်များ ပိတ်ထားရကြောင်း အဆိုပါဒေသခံက ဆက်လက် ပြောကြားသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက် ၃ နာရီခန့်က ဗန်းမော်မြို့၊ ကချင်ပြည်နယ်လွှတ်တော် အမှတ်(၁) မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးအောင်သင်း (ခေါ် ) ဦးဇော်သင်း၏ ချိတ်ပိတ်ခံထားရသည့် အိမ်ကို မီးရှို့သွားကြောင်း ဗန်းမော်ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်က ရမ်းကားမှုများပြုလုပ်နေ၍ ဒေသခံပြည်သူများ အနေဖြင့် ညနေပိုင်း သွားလာရာတွင် အထူးသတိထားရန်လိုအပ်ပြီး စင့်ကင်တံတား ဖျက်ဆီးခံရ၍ ဒေသခံများ သွားရေးလာရေးခက်ခဲလျက်ရှိကြောင်း ဗန်းမော်ဒေသခံက ဆိုသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဗန်းမော်မြို့ #ဒေသခံ၉၀ကျော် #စစ်ကောင်စီတပ်ဖမ်းဆီး #စင့်ကင်တံတား #ဖျက်ဆီး #Ayeyarwaddy_Times