မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

စစ်ကောင်စီတပ်သားများနည်းတူ ရှေ့တန်းထွက်နေရသည့် ရဲ၀န်ထမ်းများကိုပေးသည့် သက်စွန့်စရိတ်သည် စစ်ကောင်စီတပ်ဖွဲ့၀င်များရရှိသည့် သက်စွန့်စရိတ်ထက် ထက်၀က် လျော့နည်းနေကြောင်း သိရသည်။

စစ်ကောင်စီက ၎င်းတို့၏ လက်အောက်ခံ ရဲ၀န်ထမ်းများကို ယခုနှစ်စမှ စတင်ကာ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာ၀န်စရိတ် ကျပ်ငွေ ငါးသောင်း (၅၀,၀၀၀) ချီးမြှင့် မည်ဟု ယခုရက်ပိုင်းအတွင်းက ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ ရဲ၀န်ထမ်းများသည် ယခင်က သက်စွန့်စရိတ် လုံး၀ ရရှိခြင်းမရှိဘဲ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်၍ တစ်ဦးလျှင် ငွေကျပ် တစ်သောင်း(၁၀,၀၀၀) ထောက်ပံ့ပေးခဲ့ပြီး ၂၀၂၃ နိုဝင်ဘာလတွင် ကျပ်ငွေ သုံးသောင်း(၃၀,၀၀၀) တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယခု ဇန်နဝါရီလမှစတင်၍ ရဲ၀န်ထမ်းများကို လစာအပြင် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာ၀န်စရိတ်အဖြစ် စုစုပေါင်း ကျပ်ငွေ ငါးသောင်း ခံစားခွင့် ပြုမည်ဟု ကြေညာခဲ့ပြီး စစ်ကောင်စီတပ်သားများရရှိသည့် ခံစားခွင့်ထက် နည်းပါးနေသည့် အတွက် တပ်ဖွဲ့အတွင်း ဝေဖန်ပြောဆိုမှုများရှိနေသည် ဟု ဆိုသည်။

“ရှေ့တန်းထွက်ရတော့ ကျွန်တော်တို့လည်း ထွက်ရတာပဲ။ ရတာကြတော့ ခံစားခွင့်က မတူဘူး။ အခုရတဲ့ သက်စွန့်စရိတ်က ထက်၀က်နီးပါးကွာတယ်။ အထဲမှာလည်း ပြေးကြတာမနည်းဘူး” ဟု ရန်ကုန်မြို့နေ ရဲတပ်ဖွဲ့၏တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်များကိုမူ ယခင်က ရှေ့တန်းထွက်ရသည့် အရာခံဗိုလ်အဆင့်မှ တပ်သား အဆင့်ထိ တစ်ဦးလျှင် ငွေကျပ်တစ်သောင်းထုတ်ပေးရာ မှ ၂၀၂၂ ခုနှစ်တွင် သုံးသောင်းကျပ်မှ ငါးသောင်းအထိ ဖြစ်လာပြီး ယခု ဇန်နဝါရီလ မှစတင်ကာ ငွေကျပ် တစ်သိန်း(၁၀၀,၀၀၀)အထိ တိုးမြှင့်ပေးလာခြင်းဖြစ်သည်။

ရှေ့တန်းစစ်မျက်နှာတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ရဲတပ်သားများ သေဆုံးမှုနှင့် လက် နက်ချမှုများပြားကာ အင်အားချိနဲ့လာသည့်အပြင် တပ်တွင်းစည်းရုံးရေးနှင့် စစ်တိုက် နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ လစာအပြင် အခြားထောက်ပံ့စရိတ်များပါ ပေး၍ စည်းရုံးလာခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-cincds
ပုံစာ-ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၁၀/၂၀၂၃) သင်တန်းဆင်းပွဲ

#စစ်ကောင်စီ #ရဲ၀န်ထမ်း #သက်စွန့်စရိတ် #ငွေကျပ် ၅သောင်း #တိုးမြှင့် #Ayeyarwaddy_Times