
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ ကျွန်းစိုက်ခင်းများနှင့် သစ်တောကြိုးဝိုင်းအတွင်းမှ သစ်များကို စစ်ကောင်စီနှင့်ပူးပေါင်း၍ သစ်ခိုးထုတ်နေသည့် သစ်မှောင်ခိုကား နှင့် ဆိုင် ကယ်တိမ်းမှောက်၍ လူနှစ်ဦး ဆက်တိုက်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သစ်မှောင်ခိုကားတိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသားသည် ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လယ်က အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်ကြားရှိ ကညင်ဆည်အထက်ပိုင်း (ဒေသအခေါ်) ငါးအောက်ကြီးအနီး သစ်များသယ်ဆောင်လာစဥ် ကားတိမ်းမှောက်၍ ကျွန်းလုံးများပိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင်လည်း ကျွန်းလုံးများ တင်ဆောင်လာသည့် ဆိုင်ကယ်တစ်စီးသည် မဲဇလီကုန်းမြို့ ရဲစခန်းအပိုင် သရက်ကုန်း ရွာအနီးတွင် ဆိုင်ကယ်တိမ်းမှောက်၍ ကျွန်းတုံးများပိကာ သေဆုံးမှုဖြစ်ပွားခဲ့သည်။
“ဟိုနေ့က ကျွန်းလုံးတွေတင်တဲ့ ဆိုင်ကယ်မှောက်တယ်။ ပွဲချင်းပီပဲ။ မနေ့ကလည်း ငါးအောက်ကြီးလို့လဲခေါ်တဲ့ ကွန်ချောင်းအဖျားမှာ ကားမှောက်တာသေတယ်။ အင်္ဂပူပိုင်နဲ့ မြန်အောင်ပိုင်ကြားက တိုင်တစ်ရာဘက်ကနေ လမ်းတွေဖောက်ပြီး သစ်ခိုးထုတ်နေတာ။ စစ်တပ်၊ ရဲ၊ သစ်တော၊ ထွေအုပ်နဲ့ အဖွဲ့ပေါင်းစုံကို ငွေပေးပြီးထုတ်နေကြတာ။ လူသေမူ တွေကိုတော့ စစ်တပ်နဲ့ရဲက မဖြေရှင်းကြဘူး”ဟု အင်္ဂပူမြို့နယ် ကျွဲဇင်းရွာဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် သစ်ခိုးထုတ်စဉ် သေဆုံးခဲ့သည့် အမျိုးသားနှစ်ဦး၏ သေမှုသေခင်းဖြစ်စဥ်ကို ယနေ့အထိ ကိုင်တွယ်ဖြေရှင်းခြင်း မရှိကြောင်း ဒေသခံများထံက သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ကျွန်းစိုက်ခင်းများအပြင် သစ်တောကြိုးဝိုင်းများရှိ အဖိုးတန်သစ်များကို စစ်ကောင် စီတပ်၊ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများနှင့် သစ်မှောင်ခိုများ ပူးပေါင်းကာ တွင်တွင်ကျယ်ကျယ် ခိုးထုတ်ယူမှုများရှိနေကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်ပုံ-အင်္ဂပူမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းရှိ ကျွန်းသစ်များကို ခုတ်လှဲထားစဥ်
#အင်္ဂပူမြို့ #ကျွန်းစိုက်ခင်း #သစ်တောကြိုးဝိုင်း #စစ်ကောင်စီ #သစ်မှောင်ခို #သစ်ခိုးထုတ် #ကားဆိုင်ကယ်တိမ်းမှောက် #လူ၂ဦးသေဆုံး #Ayeyarwaddy_Times