
ဇလပ်ဖြူ/ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အရှေ့မြောက်ဖက်သို့သွားရာ အိတ်စွတ်ရွာနှင့် သင်္ဘောပင်ကွင်းရွာကြားရှိ တံတားငယ်တစ်စင်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၃ရက်နေ့ မနက်ပိုင်းက ဘူဒိုဇာဖြင့်ဒုတိယအကြိမ် ထပ်မံဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါတံတားငယ်ကို ၂၀၂၃ ခုနှစ်အတွင်း ကလည်း စစ်ကောင်စီက ဖျက်ဆီးခဲ့ပြီး သွားလာရေးအခက်အခဲ ဖြစ်သောကြောင့် အိပ်စွပ်ရွာနှင့် အနီးနားကျေးရွာဒေသခံ များက ပြန်လည်ပြုပြင်ထားခြင်းဖြစ်ရာ စစ်ကောင်စီကထပ်မံဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
“အဲ့ဒီတံတားက လူသွားလူလာများတယ်။ ကလေးမြောက်ပိုင်းသွားတဲ့ ဒိုးဝိုင်းချောင်းကလည်း စစ်ကောင်စီတွေတပ်စွဲထားတယ်။ ကလေးကနေ ချင်းပြည် သွားတဲ့ ကိုးမိုင်ဂိတ်ကိုလည်းသူတို့ပိတ်ထားတော့ ကုန်တင်ကားတွေတစ်ခြားပြည်သူတွေကအဲ့တံတားကိုအားကိုးကြတာ” ဟု အိပ်စွပ်ရွာခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကလေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များကို ဖြတ်လေးဖြတ်သဘောာ တားဆီးလိုသောကြောင့် တံတားကို ဖျက်ဆီးခြင်းလည်းဖြစ်နိုင်ကြောင်း ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ကလေးမြို့နယ်တဝိုက် အဝင်အထွက်လမ်းများကို လုံခြုံရေးတင်းကြပ်ထားပြီး မြို့ထဲတွင်လည်း ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ပုံစာ – စစ်ကောင်စီဖျက်ဆီးခဲ့သည့်တံတားငယ်
#ကလေးမြို့နယ် #စစ်ကိုင်းတိုင်း #တံတားတစ်စင်း #စစ်ကောင်စီဖျက်ဆီး #Ayeyarwaddy_Times