ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်နှင့် မတ္တရာမြို့နယ်တို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အင်အားတိုးချဲ့၍ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုများလုပ် ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်များ အင်အားတိုးချဲ့နေပြီး ကျေးရွာများ သို့ စစ်ကြောင်းထိုး၀င်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့က မတ္တရာမြို့ ရေနံ့သာကျေးရွာမှ စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီနှင့်ပျူစောထီးအင်အား ၇၀ ခန့်သည် မှော်နီကုန်းကျေးရွာသို့ ရောက်ရှိလာပြီး ပြည်သူပိုင်နေအိမ်မျာကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရေနံ့သာကျေးရွာနှင့် အင်းတံခါးကျေးရွာ ကြားတွင် တော်လှန်ရေး တပ်ဖွဲ့၀င် များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့၏ ယာယီထုတ်လုပ်ရေး စခန်းတစ်ခု စီးနင်းခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့ အနောက်ခြမ်းရှိ သုံးဆယ်ပေးရွာနှင့် ရွှေဘောင်ရွာတို့ တွင် တပ်စွဲအထိုင်ချပြီး ယင်းအနောက်ခြမ်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မတ္တရာမြို့အနောက်ခြမ်းရှိ သဖန်းထောင့်၊ သုံးဆယ်ပေးနှင့် ရွှေဘောင်ရွာ အတွင်းရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ပထမပတ်က ဖြစ်ပွားခဲ့သည့် သံဘိုရွာနှင့် ကျောက်မဲလေးရွာ တိုက်ပွဲများတွင် စစ်ကောင်စီက တပ်စခန်းများ လက်လွှတ်ခဲ့ရပြီးနောက် မတ္တရာနယ်နှင့် နောင်ချို ဆက်သွယ်ထားသည့်လမ်းကြောင်းကိုပါ တော်လှန်ရေးအဖွဲ့များ စိုးမိုးသွား မည်ကို စိုးရိမ်၍ မတ္တရာမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့ကို စီးနင်းကာ နယ်မြေစိုးမိုးမှုရယူနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင်လည်း အုန်းချောအထိ စစ်ကောင်စီတပ်အင်အား တိုးချဲ့ထားပြီး ဗိုလ်မှူးကြီးအဆင့် အရာရှိများဦးဆောင်သော ဗျူဟာတပ်ရင်းများကို ဖွဲ့စည်းကာ တပ်ရင်း တစ်ရင်းလျှင် အင်အား ၂၀၀ သတ်မှတ်၍ ဖွဲ့စည်းနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြင်ဦးလွင် -မန္တလေး ၁၆ မိုင်ဂိတ်ကိုလည်း ပိတ်ဆို့စစ်ဆေး၍ အထူးကြပ်မတ် လျက်ရှိကြောင်း သိရသည်။

ပုံစာ- စစ်ကောင်စီတပ်က မတ္တရာမြို့နယ်ရှိ မှော်နီးကုန်းရွာနှင့် သဖန်းဒေါင့်ရွာများကို မီးရှို့ဖျက်ဆီးထားစဥ်
#မန္တလေး #‌ပြင်ဦးလွင် #မတ္တရာကျေးရွာများ #စစ်ကောင်စီတပ်အင်အားတိုး #နယ်မြေရှင်းလင်း #Ayeyarwaddy_Times