
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
ဧရာ၀တီတိုင်း သာပေါင်းမြို့နယ်၊ကျွန်းလျားကြီး ကျေးရွာအုပ်စု၊ကျောက်ချောင်းကြီး ကြိုးပြင်တောတွင် ဇန်နဝါရီလ ၂၃ရက်နေ့ကဆင်မုဆိုးများပစ်ခတ်မှုကြောင့် ဒဏ်ရာဖြင့်သေဆုံးနေသည့် တောဆင်ရိုင်းတစ်ကောင်တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။
သေဆုံးသွားသော ဆင်မှာအထီးဖြစ်ပြီးအသက်၄၀နှစ်အရွယ် အမြင့် ခုနှစ်ပေ ရှစ်လက်မရှိပြီး ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကာ ဆင်မုဆိုးများကနှာမောင်းနှင့်အစွယ်ကို ဖြတ်ယူသွားကြောင်းလိသစ်တောဦးစီးဌာနနှင့် နီးစပ်သူများထံမှသိရသည်။
“ဒေသခံ သစ်ဝါးရှာတဲ့သူတွေက ဆင်သေကိုတွေ့ခဲ့လို့ သွားရောက်စစ်ဆေးခဲ့တာ ဆင်ရဲ့ ဦးကင်းမှာဖောက်၀င်ဒဏ်ရာနှစ်ချက်နဲ့ လွန်ခဲ့တဲ့ ခုနှစ်ရက်ကသေဆုံးနေပြီး ပုပ်တောင်နေပါပြီ “ဟုပုသိမ်ခရိုင် သစ်တောဥဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သေဆုံးသွားသော တောဆင်ရိုင်းကို သစ်တောဦးစီးဌာနတာ၀န်ရှိသူများမှ စစ်ဆေးခဲ့ပြီး နောက် မီးရိူ့ ဖျက်စီးလိုက်ကြောင်းသိရသည်။ ဇီဝမျိုးစုံ မျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ၊၄၁(က)ဖြင့် သာပေါင်းမြို့နယ်ရဲစခန်းမှအမှုဖွင့်ထားကြောင်းသိရသည်။
ဧရာ၀တီတိုင်း ပုသိမ်ခရိုင်တွင် ၂၀၂၄ခုနှစ်အတွင်း ပထမဆုံးတောဆင်ရိုင်းအသတ်ခံရခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ပုသိမ်၊ ငပုတော၊ သာပေါင်းမြို့နယ်များတွင် ရောဂါနှင့်သေဆုံးသော တောဆင်ရိုင်း ခြောက်ကောင်နှင့် ဆင်မုဆိုးများကြောင့်သေဆုံးသောတောဆင်ရိုင်း ကိုးကောင်အထိရှိကြောင်း သစ်တောဦးစီးဌာနမှတ်တမ်းများအရသိရှိရသည်။
ယခင်က ဧရာ၀တီတိုင်းတွင် ဆင်သတ်မုဆိုးများကိုမကြာခဏ ဖမ်းဆီးရမိသော်လည်း စစ်တပ်အာဏာသိမ်းပြိီးနောက်ပိုင်း တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရန်သစ်တောရဲများကင်းလှည့်ခြင်း မလုပ်သည့်အတွက် တရားခံများကို ဖမ်းဆီးရမိခြင်းမရှိကြောင်း ဒေသခံများကပြောသည်။
ဆင်သတ်မုဆိုးများသည် တောဆင်ရိုင်းများကို သတ်ဖြတ်ပြီးနောက် ရရှိလာသည့် အရေပြား၊ အစွယ်၊ နှာမောင်းနှင့် အမြှီးများကို တောရိုင်းတိရိစ္ဆာန် ကုန်ကူးသူများထံ ရောင်းချကြပြီး မန္တလေး – မူဆယ်လမ်းကြောင်းမှတဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချကြောင်း တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေသူများထံမှသိရှိရသည်။
#သာပေါင်းမြို့နယ် #ဆင်မုဆိုး #တောဆင်ရိုင်းတစ်ကောင်သေဆုံး #Ayeyarwaddy_Times