ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

လက်ရှိကာလတွင် ပြည်တွင်းအကယ်ဒမီအခေါက် ရွှေဈေးနှုန်း တဖြည်းဖြည်းမြင့်နေပြီး ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ ပေါက်ဈေးတွင် တစ်သားလျှင် ကျပ် ၃၈ သိန်းခွဲနီးပါး ရောက်ရှိနေပြီး ရွှေဈေးထိန်းရောင်းရန်နှင့် လက်ငင်းရောင်းချရန် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အသိပေး ပန်ကြားစာ ထုတ်ပြန်ထားသည်။

ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃,၈၄၅,၀၀၀ ရှိကာ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၃,၈၅၅,၀၀၀ အထိမြင့်တက်သွားကြောင်း ရွှေဈေးကွက်အတွင်းက သိရသည်။

ထိုသို့ ရွှေစျေးများ ကမောက်ကမဖြစ်ကာ မြင့်တက်နေသဖြင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဝင်များကို ရွှေဈေးနှုန်းထိန်းထိန်းသိမ်းသိမ်း ရောင်းဝယ် ပေးရန်၊ လက်ငင်းဖြင့်သာ အရောင်းအဝယ်ပြုရန် နှင့် ဈေးပိုရောင်းဝယ်ခြင်းမပြုရန် YGEA က ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ပန်ကြားစာ ထုတ်ပြန်သည်။

“ငွေတန်ဖိုးကျနေလို့ ရွှေလုပ်ထားတာ ရွှေဆိုင်တွေကသူတို့အမြတ်ချည်းပဲ။ ရွှေတုံးလေး တွေဆိုတော့ တစ်ခုခုဖြစ်ရင်သယ်သွားရလွယ်တယ်လေ။ အမြဲတမ်းဈေးခွာတယ်။ အခု ဈေးတက်လို့ ပြန်ရောင်းတော့ အချို့က အရောင်းပိတ်ထားတယ်” ဟု ရွှေရောင်းလိုသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရွှေဈေးကွက်အတွင်းတွင် ရွှေဈေးတက်၍ ပြန်ရောင်းလိုသူများရှိနေကာ အချို့ဆိုင်များ က အရောင်းပိတ်ထားပြီး အချို့ဆိုင်များတွင်မူ ကျပ်ငါးသောင်းမှ တစ်သိန်းကြား ဈေးခွာ ဝယ်ယူမှုရှိကြောင်း ရွှေအကြောင်းသိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ရွှေဆိုင်အများစုက အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ရောင်းဈေး ကျပ် ၃,၈၄၅,၀၀၀ ဖြင့်ရောင်းပြီး ဝယ်ဈေး ကျပ် ၃,၇၉၀,၀၀၀ ဖြင့်ဝယ်ကြောင်း သိရသည်။

ထို့ပြင်ရွှေဆိုင်များက ပေါက်ဈေးထက် ဈေးခွာသဖြင့် အကယ်ဒမီအခေါက်ရွှေတုံးများကို ရွှေရောင်းဝယ်သူများ အချင်းချင်းကြိုက်ရောင်း၊ ကြိုက်ဝယ်များပြုလုပ်နေကြောင်း ရွှေအကြောင်း နားလည်သူတစ်ဦးက ပြောကြားသည်။

လက်ရှိ ပြည်တွင်းဘဏ်အချို့၏ PAY အကောင့်များတွင် Gold Investment အနေဖြင့် ရွှေတစ်ရွေးသားမှ စတင်ဝယ်ယူနိုင်ကြောင်း ကြေညာထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#ရွှေဈေးတက် #အကယ်ဒမီအခေါက်ရွှေ #ကျပ်၃၈သိန်းကျော် #Ayeyarwaddy_Times